လောင်းလုံမှာ စစ်ထောက်လှမ်းရေးရုံးအပါအဝင် ရုံးသုံးရုံးကို တပြိုင်တည်းဝင်တိုက်ခံရ၊ လဝကဦးစီးမှူးတဦးသေပြီး ဝန်ထမ်းတဦးဒဏ်ရာရ

မေ၊ ၂၃

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ စစ်ထောက်လှမ်းရေးအဖွဲ့ဖြစ်တဲ့ စစ်ဖက်ရေးရာ လုံခြုံရေး တပ်ဖွဲ့(စရဖရုံး)အပါအဝင် ရုံးသုံးရုံးကို ဒီကနေ့ မနက်ပိုင်းက လက်နက်ကိုင်အဖွဲ့တွေက တပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့လို့ ဦးစီးမှူးအဆင့်ရှိသူတဦးသေဆုံးပြီးဒဏ်ရာရသူတဦးရှိတယ်လို့ ဒေသခံတွေကပြောကြပါတယ်။ “ မနက် ၈ နာရီကျော်လောက်ပဲ ဝင်ပစ်တာ၊ ပြိုင်တူပဲ၊ တပြိုင်တည်းပစ်တာပေါ့၊ ခဏပဲ ပစ်ခတ်မှု ဖြစ်တာက နာရီဝက်လောက် တောင်မပြည့်ဘူး၊ သေချာစီစဉ်ပြီး ဝင်ပစ်ကြတာတို့ သူတို့ဆီက သတင်းရတယ်၊ ပူးပေါင်းအဖွဲ့တွေက ပစ်တာ။ “ လို့ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ နီးစပ်တဲ့ လောင်းလုံးမြို့ခံတဦးက ပြောပါတယ်။

လက်နက်ကိုင်အဖွဲ့တဖွဲ့ဟာ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့၊ မြို့မရဲစခန်းနဲ့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန(လဝက)ရုံးသုံးရုံးကို ဒီကနေ့ မနက်မှာတပြိုင်တည်း ဝင်ရောက် တိုက်ခိုက် တာလည်းဖြစ်ပါတယ်။ အဲဒီလက်နက်ကိုင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ဝင်ရောက်တိုုက်ခိုက်သူတွေဖက်က အထိအခိုက် မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ပေမယ့် စစ်ကောင်စီလက်အောက်ခံ လဝက ဦးစီးမှူးတဦး သေဆုံးကာ ဝန်ထမ်းတဦးထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ “ ထိခိုက်ကျဆုံးမှုက လောလောဆယ်ဆယ်ကျွန်တော်တို့ သိထားရတာက၊ လဝက ဦးစီးမှူး ကျသွားတယ်လို့ ပြောတယ်၊ ဝန်ထမ်းတယောက်ထိခိုက်ဒဏ်ရာရတယ်လို့ ပြောတယ်၊ ကျန်တဲ့ ရဲစခန်းနဲ့ စရဖရုံးတို့က ထိခိုက်မှု သေချာမသိသေးဘူး။ တော်လှန်ရေးအင်အားစုတွေဘက်က ကျဆုံးတာမျိုးမရှိဘူးဗျ။

အရပ်သားတွေ ထိခိုက်မှုရှိတယ်လို့တော့ ကြားတယ်” လို့ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ နီးစပ်တဲ့ လောင်းလုံးမြို့ခံတဦးက ပြောပါတယ်။ ဒါပေမယ့် နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှု အတွင်းမှာ အရပ်သားထိခိုက်မှုသေဆုံးမှု၊ ဝန်ထမ်းထိခိုက်သေဆုံးမှုနဲ့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအခြေအနေ စတာတွေကို DNA သတင်းဌာနအနေနဲ့ သီးခြားအတည်ပြုပေးနိုင်ခြင်းမရှိပါဘူး။

ယခုပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ လောင်းလုံမြို့မရဲစခန်းနဲ့ လဝကရုံးဟာဆိုရင် ၀ ဒဿမ ၇ ကီလိုမီတာလောက်သာ အကွာအဝေးရှိပြီး လဝကရုံးနဲ့ စရဖရုံးကဆိုရင်လည်း ၀ ဒဿမ ၃ လိုမီတာအကွာမှာသာ ရှိတယ်လို့ သိရပါတယ်။ ပစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်မှာ လောင်းလုံမြို့ပေါ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေ အင်အားအများအပြားရောက်ရှိလာပြီး လမ်းပိတ်ဆို့တာတွေ လုပ်ဆောင်ကာ လမ်းသွားလမ်းလာတချို့ကို ခေါ်ယူစစ်ဆေးနေတာတွေ ရှိတယ်လို့ ဆိုပါတယ်။

“ အခုတော့ စစ်သားတွေ ပိတ်စစ်နေတာတော့ရှိတာဟုတ်ပါတယ်။ ဖမ်းခံတာမျိုးတော့ မကြားဘူး၊ စစ်သားတွေ၊ ရဲတွေကတော့ အများကြီးပါပဲ တချို့လမ်းတွေမှာပေါ့။ မနက်ဖြစ်တော့ တချို့က ပြောတာတော့ ကြားတယ်၊ အရပ်သားထိတာတွေပေါ့နော်၊ အပြင်မထွက်ရဲတော့ သေချာမသိဘူးပေါ့။” လို့ မြို့ခံတဦးက ပြောပါတယ်။ ဒီကနေ့ မနက်တိုက်ခိုက်မှုဟာ ပြောက်ကျားတပ်ဖွဲ့ဖြစ်တဲ့ Guerrilla Dawei ၊ ထားဝယ်နဂါး တပ်ခွဲ ၅ စတဲ့ ပူးပေါင်းအဖွဲ့တွေက တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောပေမယ့် DNA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ အဲဒီစစ်ကောင်စီလက်အောက်ခံရုံးသုံးခု ပစ်ခတ်တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး Guerrilla Dawei အဖွဲ့တာဝန်ရှိသူတွေကို DNA သတင်းဌာနက က ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိခဲ့ပါဘူး။