အင်းတော်မြို့မော်တိတ်ဒေသမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ပီဒီအက်ဖ်နှစ်ဦးဒဏ်ရာရ

မေ၊ ၂၃
 
စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့နယ်၊ မော်တိတ်ဒေသမှာ တော်လှန်ရေးအဖွဲ့တွေနဲ့ ဖြစ်ပွားနေတဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်က တိုက်လေယာဉ်နှစ်စီးနဲ့ ဒီကနေ့မနက်ပိုင်းက လာရောက်တိုက်ခိုက်လို့ ဒေသခံကာကွယ်ရေးတပ်သား (PDF) နှစ်ဦး ဒဏ်ရာရတယ်လို့ Indaw Revolution-IR အဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။
 
” မနေ့ကနဲ့ ဒီမနက်ပိုင်း တိုက်ပွဲတွေဖြစ်နေတာ၊ ဒီမနက်ကျတော့ စစ်ကောင်စီဘက်က အင်းတော်စစ်တပ်ကုန်းကနေ လက်နက်ကြီးနဲ့ ပစ်ကူတယ်။ နေခင်းကျတော့ လေယာဉ်နှစ်စီးနဲ့ ၁၅ လုံး ဗုံးကြဲသွားတယ်ဗျ။ လက်နက်ကြီးတွေ ပစ်ခတ်သံတွေက မြို့ကနေတောင် အသံကျယ်ကျယ်တွေ ကြားနေရတယ်။ မြို့ခံတွေက ဒီအသံတွေကြားနေကျဆိုပေမယ့် အခြေနေတွေတော့ စောင့်ကြည့်နေကြတာပေါ့ ” လို့ သူကပြောပါတယ်။
 
အဲဒီလိုတိုက်ခိုက်မှုကြောင့် အင်းတော်ဒေသခံကာကွယ်ရေးတပ်က တပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိခဲ့လို့ ဆေးကုသမှုခံယူနေရပေမယ့် မစိုးရိမ်ရဘူးလို့လည်း Indaw Rebolution-IR အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
 
အင်းတော်မြို့ကနေ အနောက်ဖက် ဆယ်မိုင်သာဝေးတဲ့ အဲဒီဒေသမှာ မနေကနဲ့ ဒီကနေ့ နှစ်ရက်ဆက်တိုက် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး – ABSDFနဲ့ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေဖြစ်နေကြတာပါ။
 
တိုက်ပွဲတွေကြောင့် ABSDF ကျောင်းသားတပ်မတော်က တပ်ဖွဲ့ဝင်နှစ်ဦးလည်း မေလ ၂၂ ရက်မနေ့က ဒဏ်ရာရခဲ့ပေမယ့် စစ်ကောင်စီတပ်ရဲ့ ထိခိုက်ကျဆုံးမှုခြေနေတွေကို DNA က အသေးစိပ်မသိရသေးသလို လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်ပျက်ဆီးမှုတွေကိုလည်း စုံစမ်းနေဆဲပါ။
 
မော်တိတ်ဒေသလို့ခေါ်တဲ့ မော်တိတ်၊ အောင်ကုန်း၊ နံ့သာ၊ အင်ပင်ရွာ၊ ရွာသာယာ၊ တုံ့တောရွာ တွေဖက်မှာ စစ်ကောင်စီက လွန်ခဲ့တဲ့နှစ်လလောက်ကတည်းက အထိုင်ချတပ်စွဲထားခဲ့တဲ့အတွက် ဒေသခံ ၆၅၀၀ လောက်ဟာ ထွက်ပြေးတိမ်းရှောင်နေခဲ့ရတာပါ။
 
အဲဒီမော်တိတ်ဒေသမှာ လွန်ခဲ့တဲ့နှစ်လကတည်းက တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ အင်းတော်မြို့ကလာတဲ့ ခမရ ၄၁၆ တပ်က အင်အား ၈၀ လောက်ထပ်ပေါင်းပြီး စစ်ကြောင်းထိုးတဲ့ အတွက် အခုလိုတိုက်ပွဲတွေဖြစ်လာရတာလို့လည်း ဒေသခံတွေက ပြောပါတယ်။
 
” ဒေသခံတွေက လွန်ခဲ့တဲ့နှစ်လကတည်းက စစ်တပ်တွေလာတော့ ရှောင်နေတာ၊ အခုအထိမပြန်ရသေးဘူးလေ။ ရွာခြောက်ရွာက လူဦးရေ ၆၅၀၀ လောက်က ထွက်ပြေးနေရတာပါ။ အခု စစ်တပ်က ရွာသာယာရွာကို ရောက်နေတယ် ” လို့ သူကပြောပါတယ်။
 
အဲဒီဒေသမှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလလောက်တုန်းကလည်း ဒေသကကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေဖြစ်ပွားခဲ့သလို အဲဒီအချိန်ကလည်း လေကြောင်းက တိုက်ခိုက်ခဲ့တာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 
ဓာတ်ပုံ – စစ်ကောင်စီမီဒီယာ