အမရပူရမြို့တွင်းမှာ စစ်ကောင်စီကားတန်းချိန်ကိုက်မိုင်းဆွဲတိုက်ခိုက်ခံရ

မန္တလေးမြို့ အမရပူရမြို့အတွင်းမှာ စစ်ကောင်စီရဲ့ယာဉ်တန်းကို ချိန်ကိုက်မိုင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့  No More Dictatorship People Defence Force – NMD PDF က သတင်း ထုတ်ပြန်ပါတယ်။ 

မနေ့က ညနေ ၄ နာရီလောက်မှာ အမရပူရမြို့ ပုထိုးတော်ကြီးဘုရား အရှေ့ဘက်ပေါက် ခေါင်းလောင်းကြီးအနီးမှာ စစ်ကောင်စီရဲ့ DC ကား နှစ်စီးဖြတ်သန်းလာချိန် ချိန်ကိုက်မိုင်းနဲ့  တိုက်ခိုက်ရာ အနောက်တစီး မိုင်းထိမှန်သွားတယ်လို့ဆိုပါတယ်။ 

အဲဒီနေရာဟာ လူစည်ကားတဲ့နေရာတခုဖြစ်ပြီး ပေါက်ကွဲမှုနောက်ဆက်တွဲမှာတော့ စစ်ကောင်စီ တပ်ကားတွေ ပိတ်ရပ်စစ်ဆေးတာတွေလုပ်ခဲ့တယ်လို့လည်း မြို့ခံတွေကပြောပါတယ်။

” အဲဒီနားမှာ မိုင်းကွဲသွားတာ မသိလိုက်ဘူး။ မြို့ကနေအိမ်ပြန်တော့ အဲဒီရှေ့ကဖြတ်လာတာပါ။ ကား ၂ စီးကို လမ်းပေါ်ပိတ်ရပ်ထားတယ်။ လမ်းသွားလမ်းလာတွေကို စစ်နေတာပေါ့။ မိုင်းကွဲတာ ပြင်းလောက်တယ် အဲဒီနားမှာ ဖွလန်ကျဲနေတာတော့ မြင်ခဲ့တယ် ” အမရပူရမြို့ခံ တဦးကပြောပါတယ်။

စစ်ကောင်စီရဲ့ ယာဉ်တန်းမိုင်းစွဲတိုက်ခိုက်ခံရတာကို စစ်အုပ်စုက ညောင်ပင်ကို ဗုံးခွဲတဲ့ပုံစံနဲ့ သတင်းမှားတွေကိုဖြန့်နေပြီး ထိခိုက်မှုမရှိဘူးလို့ သတင်းမှားတွေဖြန့်နေပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ စစ်အုပ်စုဖက်က ထိခိုက်မှုတွေရှိခဲ့ပေမယ့် အတိအကျတော့ မသိရသေးပါဘူးလို့လည်း သိရပါတယ်။