ကပ်ဘေးကြားက အနောက်ဖက်မြို့တော် (ဆောင်းပါး)

မေ ၊ ၁၃

အနောက်တံခါးမြို့တော်က ပြည်သူတွေဟာဆက်တိုက်ကြုံတွေ့နေရတဲ့ကပ်ဘေးတွေကြား သောကဗျာဝေနေရပါတယ်။ ၃ နှစ်နီးပါးဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေရပ်စဲနေတဲ့ ကာလ မနှစ်က ၂၀၂၃ခုနှစ်မေလမှာ ပြင်းထန်တဲ့ သဘာဝဘေးတခုကို စစ်တွေ အပါအဝင်ရခိုင်ဒေသမှာ ကြုံတွေ့ခဲ့ရပါတယ်။

အင်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းဟာ  စစ်တွေမြို့ကို ဗဟိုပြုပြီး ၂ဝ၂၃ ခုနှစ် မေလ ၁၄ ရက်နေ့က ဝင်ရောက်တိုက်ခတ်ခဲ့တာပါ။ တနာရီကို (၁၃၇)မိုင်နှုန်းအထိ လေပြင်းတိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် ရိုဟင်ဂျာတွေအပါအဝင်လူပေါင်းရာနဲ့ချီ သေဆုံးခဲ့ရပါတယ်။ မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်ဆီးမှု အများဆုံးဒေသဟာလည်း စစ်တွေဖြစ်ပြီး မြို့ရဲ့ (၇၅)ရာခိုင်နှုန်းကျော် ပျက်ဆီးခဲ့ရတာပါ။

သဘာဝေးဘေးကြောင့်ပြန်နလန်ထူမယ်မကြံသေး မနှစ်ကနိုဝင်ဘာလမှာတော့ စစ်တွေ အပါအဝင် ရခိုင်ပြည်သူတွေဟာ စစ်ဘေးကို တဖန်ပြန်ကြုံတွေ့ခဲ့ရ ပြန်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီကို အာရက္ခတပ်တော်(AA)က ၂၀၂၃ခုနှစ်နိုဝင်ဘာ၁၃ရက်မှာ ထိုးစစ်စတင်ခဲ့ပြီး တိုက်ပွဲတွေပြင်းထန်လာနေတာပါ။ စစ်မီးအရှိန်မြင့်တက်လာနေမှုနဲ့အတူ ရခိုင်ဒေသမှ ပြည်သူတွေဟာ စားဝတ်နေရေး ၊ လုံခြုံရေးအပါအဝင် အခက်အခဲမျိုးစုံကို ရင်ဆိုင်နေရပါတယ်။

အဲဒီထဲမှာမှ လတ်တလောစစ်ငွေ့သမ်းနေတဲ့ မြို့တော်စစ်တွေက အဆိုးရွားဆုံးအခြေအနေဖြစ်လာနေပြီး ပိတ်မိနေတဲ့ပြည်သူတွေဟာ အငတ်ဘေးနဲ့ရင်ဆိုင်နေရပြီလို့ ဒေသခံတွေက ဆိုပါတယ်။ “စျေးကြီးချက်က မပြောနဲ့ ပိုက်ဆံရှိတိုင်းလည်းဝယ်မရ” လို့ စစ်တွေ ရူပမြောက်နေဒေသခံတဦးက ပြောပါတယ်။

ကုန်စျေးနှုန်းတွေ ကြောက်ခမန်းလိလိ မြင့်တက်လာနေတဲ့ စစ်တွေမြို့မှာ လက်ရှိကာလမှာ ဆန်(ပေါ်ဆန်း)တအိတ်ကို ကျပ် ၃သိန်းနီးပါး ၊ ဝက်သားတပိသာကျပ် ၈သောင်း  ၊ ကြက်ဥတလုံးကျပ်ငွေ ၁ထောင့် ၂ရာနဲ့ စက်သုံးဆီတလီတာ ကျပ် ၂သောင်းခွဲ ဝန်းကျင်အထိပေါက်စျေး ရှိနေပါတယ်။ တကျော့ပြန်ရခိုင်စစ်ပွဲမဖြစ်မီက စက်သုံးဆီတစ်လီတာကို ကျပ် ၃ထောင် ၊ ပေါ်ဆန်မွှေးဆန် တစ်အိတ်ကျပ် ၉သောင်း လောက်သာကျသင့်ခဲ့တာပါ။

ဒါ့အပြင်လက်ရှိကာလမှာ ကုန်စည်ပြတ်လပ်တာတွေရှိလို့ ငွေကြေးရှိပေမယ့်လည်း စားသောက်ကုန်တွေကို ဝယ်ချင်သလို ဝယ်မရဘူးလို့ဒေသခံတွေကဆိုပါတယ်။ ထမင်းဆိုင်တွေဆိုရင်လည်း စျေးနှုန်းမြင့်တက်လာပြီး တနပ်အနည်းဆုံးကျပ် ၁၅,၀၀၀ ကျသင့်တယ်လို့ ရူပမြောက်ရပ်ကွက်နေဒေသခံကပြောပါတယ်။

“ပိုက်ဆံတသိန်းနှစ်ရက်သုံးရက်ဆိုကုန်ပြီ” လို့ သူကဆိုပါတယ်။ တကျော့ပြန်တိုက်ပွဲတွေ စတင်ခဲ့တဲ့ မနှစ်က နိုဝင်ဘာလကတည်းက ရခိုင်ပြည်နယ်ရှိ ကုန်းလမ်းရေလမ်းတွေကို စစ်ကောင်စီက ပိတ်ဆို့ထားခဲ့တာပါ။

မြို့တော်စစ်တွေကိုလည်း အဝင်အထွက်တွေ ကန့်သတ်၊ တားမြစ်ခဲ့ပြီး မြို့ပတ်လည် ဆိပ်ကမ်းတွေနဲ့ ကျေးရွာတွေမှာလည်း တပ်စခန်းတွေတိုးချကာ  ပိတ်ဆို့ထားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ရန်ကုန်-စစ်တွေကားလမ်းမပေါ်က စစ်တွေမြို့အဝင်မင်းချောင်း(အမြင့်ကျွန်း)တံတားကိုလည်း ပြီးခဲ့တဲ့ဖေဖော်ဝါရီ ဒုတိယပတ်အတွင်း စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီးထားပါတယ်။ စစ်တွေမြို့ကို ရေလမ်းကြောင်းကသာ ကုန်စည်အဓိကပို့ဆောင်နိုင်တာဖြစ်ပြီး မြို့ကပိတ်မိနေတာလည်း ဖြစ်ပါတယ်။

စစ်တွေမြို့ကိုရန်ကုန်ကတဆင့်စားသောက်ကုန်၊ လူသုံးကုန်အပါအဝင်ကုန်စည်ပစ္စည်းတွေကို ကုန်တင်သင်္ဘောတွေနဲ့ ပို့ဆောင်တာရှိပေမယ့် အများစုမှာ စျေးကွက်ထဲမရောက်ရှိဘဲ စစ်ကောင်စီတပ်ဖွဲ့တွေဆီသာ ပို့ဆောင်နေတာလို့လည်း ဆိုကြပါတယ်။

“ကုန်တွေရောက်လည်းသူတို့အတွက်ပဲလေ။စျေးကတက်ပြီးရင်းတက်မှာပဲ” လို့ဒေသခံတဦးကပြောပါတယ်။ နောက်ဆက်တွဲအကျိုးဆက်အဖြစ် ကုန်စည်စီးဆင်းမူပြတ်တောက်ပြီး ကုန်စျေးနှုန်းတွေ တရိပ်ရိပ် မြင့်တက်လာကာ လက်ရှိမှာ အဆိုးရွားဆုံး အခြေအနေ ကြုံတွေ့နေရတာပါ။

ဒါ့အပြင် ပြည်နယ်အစိုးရအဖွဲ့ရုံးရှိပြီး စစ်ကောင်စီအဖွဲ့ဝင်တွေနေထိုင်တဲ့ စစ်တွေမြို့တွင်းမှာလည်း လမ်းမတွေကို ပိတ်တာ၊ စစ်ဆေးရေးကင်းစခန်းတွေချတာ၊ စစ်ကားတွေနဲ့ ကင်းလှည့်သွားလာတာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

“ညဆိုလည်းတအုန်းအုန်းနဲ့ စစ်တပ်ကလျှောက်ပစ်နေတာ ဘယ်လိုနေရမလဲမသိ” လို့ ဒေသခံကဆိုပါတယ်။ စစ်ကောင်စီဖက်က လက်နက်ကြီးပစ်ခတ်တာကြောင့် မြို့မစျေးအပါအဝင် စစ်ရေးပစ်မှတ် မဟုတ်တဲ့ နေရာတွေကိုကျရောက်ပေါက်လို့ အရပ်သားတွေထိခိုက်သေဆုံးတဲ့ဖြစ်စဥ်တွေလည်းဖြစ်ပွားထားတာပါ။

လုံခြုံရေးအခြေအနေနဲ့ ကုန်စျေးနှုန်းမြင့်မားလာတာ အလုပ်အကိုင်အခွင့်အလမ်းရှားပါးလာတာတွေကြောင့် စစ်တွေမြို့ဒေသခံအများစုက ရန်ကုန်နဲ့ အာရက္ခတပ်တော်(AA)ထိန်းချုပ်ဒေသတွေကို ရရာနည်းလမ်းနဲ့ တိမ်းရှောင်နေကြပါတယ်။

“ပိုက်ဆံရှိတဲ့သူတွေတော့ ပြေးသွားကြပြီ၊ ပိုက်ဆံမတတ်နိုင်တဲ့သူတွေပဲ ကျန်တယ်၊ ဖြစ်လာရင်တော့ စစ်တွေက ပိတ်မိမှာပဲ၊ အဲဒါစိုးရိမ်တယ်” လို့ စစ်တွေမြို့ မင်းဂံရပ်ကွက်နေဒေသခံတဦးကဆိုပါတယ်။ စစ်တွေ-ရန်ကုန် လေယာဥ်လက်မှတ်ခမှာလည်းတဦးကို ကျပ်၅သိန်းကနေ ကျပ်၁၀သိန်းလောက် အထိ ကျသင့်ပြီး ဝယ်ချင်သလိုလည်း ဝယ်မရဘူးလို့ ဒေသခံတွေကပြောပါတယ်။

“အကပ်ရှိမှရတာ ပိုက်ဆံရှိတိုင်းဝယ်မရဘူး။ကျတော်တို့လာတာတယောက်ခုနှစ်သိန်းခွဲကျတယ်” လို့ မကြာသေးခင်ကမှ စစ်တွေကနေ ရန်ကုန်ကို မိသားစုလိုက်တိမ်းရှောင်လာသူတဦးက ဆိုပါတယ်။ဒါ့အပြင် ငွေကြေးမတက်နိုင်လို့ AAထိန်းချုပ်နယ်မြေတွေဆီ အသက်နဲ့ရင်းတိမ်းရှောင်နေသူတွေလည်းရှိ နေတာပါ။

အဲဒီလိုထွက်ပြေးတိမ်းရှောင်တဲ့အခါမှာလည်း လုံခြုံရေးဂိတ်တွေနဲ့ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားတွေ အပြင် စစ်တပ်နဲ့ပူးပေါင်းနေတဲ့ ရခိုင်လွတ်မြောက်ရေးပါတီ(ALP)တပ်ဖွဲ့တွေကိုလည်း လာဘ်ငွေကျပ်၅သောင်း စီပေးရတယ်လို့ဆိုပါတယ်။

“ဒါတောင်မှ သူတို့ကင်းလှည့်တာပြီးအောင်စောင့်သွားရတာ အခန့်မသင့်ရင် အပစ်ခံအဖမ်းခံရတာ” လို့ အထက်ပါဒေသခံက DNAကိုပြောပါတယ်။ AAထိန်းချုပ်နယ်မြေတွေကို တိမ်းရှောင်သူအများစုမှာ စစ်တွေကနေ ရေလမ်းမှထွက်ရပြီး လှေငှားရမ်းခမှာလည်း အဆမတန်မြင့်တက်နေတာပါ။ “ပြေးရတဲ့စရိတ်ကလည်း မလွယ်ပါဘူး၊ ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်းကူးဖို့တောင် လေး၊ ငါးသိန်းပေးရတယ်”လို့ စစ်တွေမြို့ဆတ်ရိုးကျဆယ်ဆယ်ရေးရပ်ကွက်မှ အသက်ငါးဆယ်ကျော်အရွယ်အမျိုးသမီးတဦးက ပြောပါတယ်။

အဲဒီလိုတိမ်းရှောင်ရာမှာလည်း စစ်ကောင်စီကပစ်ခတ်တာ ၊ မိုင်းနင်းမိတာတွေကြောင့် သေဆုံးဒဏ်ရာရသူတွေ ရှိပြီး ဖမ်းဆီးခံရသူတွေလည်း ရှိနေတာပါ။ ဌာနဆိုင်ရာစာရင်းတွေအရ စစ်တွေမြို့လူဦးရေ တသိန်းခွဲလောက်ရှိပြီး လက်ရှိအချိန်မှာတော့သောင်းနဲ့ချီ တိမ်းရှောင်သွားကြပြီဖြစ်ပါတယ်။

“သုံးပုံနှစ်ပုံလောက်တော့ပြေးပြီ အိမ်စောင့်ကျန်ခဲ့သူနဲ့မတက်နိုင်တဲ့ သူတွေလောက်ပဲ ကျန်တယ်။တမြို့လုံး ခြောက်ကပ်နေတာကြည့်” လို့ အထက်ပါ ရူပမြောက်ရပ်ကွက်နေ ဒေသခံကပြောပါတယ်။

စစ်တွေအပြင် စစ်ကောင်စီထိန်းချုပ်ထားတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက် အမ်းမြို့နယ်မှာလည်း ကုန်စည်ပြတ်လပ်တာတွေရှိလို့ ပြည်သူတွေ စားဝတ်နေရေးကျပ်တည်းနေကြတယ်လို့လည်း ဒေသခံတချို့က ဆိုပါတယ်။ AAထိန်းချုပ်ဒေသအများစုမှာတော့ စစ်တွေလောက် အခြေအနေမဆိုးရွားဘူးလို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

“ကိုယ့်ဆီကထွက်တာနဲ့ ဖူလုံနေသေးတယ်ပြောရပါမယ်” လို့ AAထိန်းချုပ်ပေါက်တောမြို့နယ်ဒေသခံတဦးက DNAကိုပြောပါတယ်။

စစ်ကောင်စီထိန်းချုပ်မှုအောက်ရှိ စစ်တွေနဲ့ ကျောက်ဖြူမြို့အတွင်း ပိတ်မိနေတဲ့ ပြည်သူတွေကို လွတ်မြောက်နယ်မြေတွေမှာ လာရောက်နေထိုင်ကြဖို့ AAတပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဖိတ်ခေါ်ထားတာပါ။

ဒါ့အပြင်စစ်တွေမြို့ပေါ်မှ ဒေသခံတွေ တိမ်းရှောင်နေကြသလို စစ်ကောင်စီလက်အောက်ခံ အရာရှိတွေနဲ့  မိသားစုဝင်တွေဟာလည်း လေယာဉ်စီးလုံးငှားပြီး ရန်ကုန်၊ နေပြည်တော်ဘက်တွေဆီ အလုံးအရင်းနဲ့ ရွေ့ပြောင်းနေကြတယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေက DNA ကို ပြောထားပါတယ်။

‘AAဝင်တိုက်မှာကြောက်လို့ မိသားစုတွေပြေးကြတယ်သိရပါတယ်” လို့ ဒေသတွင်းသတင်းရင်းမြစ်က ဆိုပါတယ်။

AA ဟာ မြို့တော်စစ်တွေနဲ့ အနီးဆုံးမှာ တည်ရှိတဲ့ ပေါက်တော။ ပုဏ္ဏားကျွန်း။ရသေ့တောင် မြောက်ဦး၊ ကျောက်တော် ၊ မင်းပြား၊  မြေပုံ ၊ ရမ်းဗြဲစတဲ့မြို့နယ်တွေအပြင် ချင်းပြည်နယ်တောင်ပိုင်းပလက်ဝမြို့နယ်ကိုပါ သိမ်းပိုက်ထားတာပါ ။ ရခိုင်မြောက်ပိုင်းမှာဆိုရင် စစ်ကောင်စီကစစ်တွေ ၊ ဘူးတောင်နဲ့ မောင်တောမြို့ပေါ်လောက်သာ ထိန်းချုပ်ထားနိုင်တာ ဖြစ်ပါတယ်။

ဒါ့အပြင်စစ်တွေမြို့နဲ့အနီးဆုံးမြို့နယ်တွေဖြစ်တဲ့မြောက်ဖက်ရှိပုဏ္ဏာကျွန်း အရှေ့ဖက်ရှိပေါက်တောနဲ့ အနောက်ဖက်မှ ရသေ့တောင်မြို့နယ်အားလုံးကို AAကသိမ်းပိုက်ထားပြီး မြို့တော်ကို ဝိုင်းရံပိတ်ဆို့ထားတာပါ။ လေကြောင်းနဲ့ ရေလမ်းသာထွက်ပေါက်ရှိတော့တဲ့ စစ်ကောင်စီဖက်ကတော့ မြို့ပေါ်မှာသာ ခုခံစစ်ပြင်ဆင်ထားတဲ့ အနေအထားသာရှိတယ်လို့ စစ်ရေးစောင့်ကြည့်သူတဦးက ဆိုပါတယ်။

“ပြည်သူတွေကိုပေးမထွက်တာလူသားဒိုင်းအကာအကွယ်ယူထားတာပေါ့” လို့ သူကပြောပါတယ်။ ရခိုင်ဒေသမှာထိုးစစ်အရှိန်မြင့်တင်နေတဲ့AAအနေနဲ့ မြို့တော်စစ်တွေကို သိပ်မကြာခင်တိုက်ခိုက်မယ်လို့လည်းခန့် မှန်းထားကြပါတယ်။

ဒေသကွပ်ကဲမူစစ်ဌာနချုပ်(ဒကစ) အခြေစိုက်တဲ့ မြို့တော်စစ်တွေ မြို့နယ်မှာတော့ လက်ရုံးတပ်တွေအပါအဝင် တပ်ရင်းဆယ်ခုဝန်းကျင်ရှိတယ်လို့ စစ်ရေးနဲ့ နီးစပ်သူတွေက ပြောပါတယ်။ စစ်ရိပ်သမ်းလာနေတဲ့ အနောက်ဖက်မြို့တော်က ပြည်သူတွေကတော့ လုံခြုံရေးနဲ့ စားဝတ်နေရေးအခက်အခဲတွေကြောင့် ဘေးကင်းမယ်ယူဆတဲ့ ဒေသတွေဆီ တဖွဲဖွဲတိမ်းရှောင်နေကြဆဲပါ။

“မပြေးလို့မဖြစ်တော့ဘူး စစ်ဖြစ်ရင်ပိတ်မိမှာ ပြီးရင်အခုအတိုင်းဆို အကုန်ငတ်တော့မှာ”လို့ ရန်ကုန်ကို တိမ်းရှောင်လာတဲ့ စစ်တွေဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။