ထားဝယ်မြို့အဝင် စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ


ပုံစာ – တိုက်ခိုက်ခံရတဲ့ အိမ်ရှေ့ပြင်ဂိတ် (Photo-Dawei Watch)

မေ ၊ ၁၃ 

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ရဲ့ မြို့အဝင်အထွက်ဂိတ်တခုဖြစ်တဲ့ အိမ်ရှေ့ပြင် စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒီကနေ့ မေ ၁၃ ရက်၊ နေ့လယ် ၁၂ နာရီကျော်လောက်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ပစ်ခတ်လို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။ 

“ပစ်သံတွေကြားပြီးတာနဲ့ မြို့ထဲကနေ အဲဘက် စစ်ကား ငါးစီး စစ်ကူထွက်သွားတယ်၊ သုံးစီးကတခေါက်၊ နှစ်စီးက တခေါက်၊ ထိတဲ့သူတွေ(စစ်ကောင်စီတပ်) ရှိတယ်လို့ ကြားရတယ်” လို့ ထားဝယ်မြို့ခံ အမျိုးသမီးတဦးက DNA ကို ပြောပါတယ်။ 

ထားဝယ်မြို့အပြင်ဘက် အဝေးပြေးကားကွင်းရဲ့ တလမ်းကျော်မှာရှိတဲ့ ထားဝယ်-ရန်ကုန်ကားလမ်းပေါ်က အိမ်ရှေ့ပြင် စစ်ဆေးရေးဂိတ် အခုလို တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး ၁၅ မိနစ်ခန့် အပြန်အလှန်ပစ်ခတ်မှုရှိခဲ့တယ်လို့ သိရပါတယ်။ 

ထားဝယ်မြို့ ကမ်းနားလမ်းမှာ မနေ့ည ၁၁ နာရီလောက်က ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ် ကားတစီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး နောက်တရက်မှာပဲ အခုလို ထပ်မံတိုက်ခိုက်ခံခဲ့ရတာပါ။ 

“ညက မိုင်းဆွဲတာက အိပ်နေတာ ကုတင်တောင်တုန်တယ်၊ အဲနားက အိမ်တွေဆို အိမ်ခေါင်းမိုးပေါ်ထိ မိုင်းစတွေလာကျတယ်တဲ့၊ စစ်ကားတွေက ညဘက်ဆို အဲနားလာပတ်နေကျပဲ” လို့လည်း အထက်ပါ မြို့ခံအမျိုးသမီးက ပြောပါတယ်။ 

အခု စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရမှုအတွင်းမှာတော့ အပြန်အလှန်ပစ်ခတ်မှုကြောင့် အရပ်သားတွေလည်း ထိခိုက်မှုရှိပြီး အသေးစိတ်အခြေအနေကိုတော့ မသိရသေးပါဘူး။ 

အဲဒီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက်မှာတော့ ထားဝယ်မြို့ အဝင်အထွက်ဂိတ် လေးခုစလုံးကို ပိတ်ထားခဲ့ပြီး ညနေ သုံးနာရီလောက်မှာတော့ ပြန်ဖွင့်ပေးလိုက်ပြီလို့ သိရပါတယ်။ 

“ရေဖြူဘက်တက်မှာကို မတက်ရဲသေးဘူး၊ အိမ်ရှေ့ပြင်ဂိတ်ကနေပဲ သွားရမှာကြောက်နေတာ၊ ထပ်ဖြစ်ရင် ပိတ်မိနေမှာလည်းစိုးတယ်၊ အခုလည်း အိမ်ရှေ့ပြင်သွားတဲ့လမ်းတွေမှာ စစ်ကားတွေရပ်ထားတာရှိတယ်” လို့လည်း နောက်ထပ် ထားဝယ်ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။ 

အဲဒီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး တနာရီလောက်အကြာမှာတော့ မြိတ်မြို့ လေတပ်စခန်းကနေ လေယာဥ်တစီး ထားဝယ်ဘက်ကို တက်လာပြီး မြို့နဲ့အနီးအနားတဝိုက် ပျံသန်းခဲ့ပေမယ့် ပစ်ခတ်တိုက်ခိုက်တာမျိုးတော့ မရှိဘူးလို့ သိရပါတယ်။

အခုတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အဲတဝိုက်လှုပ်ရှားလေ့ရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို Delta News Agency က ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။

စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား နှစ်ဆယ်ထက်မနည်းရှိနိုင်တဲ့ အဲဒီ အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ်အနီးမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာထဲကပဲ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ပါသေးတယ်။ 

စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(စကခ) ၈ အခြေစိုက်တဲ့ ထားဝယ်မြို့နဲ့ အနီးတဝိုက်မှာ အခုနှစ်အစောပိုင်းကစပြီး စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ပိုအရှိန်မြင့်လာနေပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဆယ်ဝန်းကျင်ရှိတဲ့ ထားဝယ်မြို့နယ်၊ ဘန်းချောင်းဒေသအခြေစိုက် ကျောက်ထုစခန်း၊ ထားဝယ်မြို့နဲ့ ခြောက်မိုင်ကျော်အကွာ ရောင်းမော်ရွာမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းတပ်စခန်း၊ ထီးခီးနယ်စပ်အနီး မောထာရွာအခြေစိုက် အင်အားလေးဆယ်ကျော်ရှိ စစ်ကောင်စီ ရှေ့တန်းစခန်းတို့ကို အခုနှစ် ပထမလေးလအတွင်း KNLA နဲ့ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပါတယ်။