စစ်ကောင်စီလက်နက်ကြီးကြောင့် နောင်ချိုဒေသခံနှစ်ဦးသေဆုံး

  Photo – TNLA

မေ၊ ၁၄

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် သုံးဆယ်ရွာထဲ စစ်ကောင်စီလက်နက်ကြီးကျည်တချို့ကျရောက်ပေါက်ကွဲလို့ ဒေသခံနှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရတယ်လို့ တအာင်းတပ် TNLAသတင်းပြန်ကြားရေးကဖော်ပြပါတယ်။

နောင်ချိုမြို့နယ် အုမ္မတီးရွာအခြေစိုက် စစ်ကောင်စီ တပ်မ၃၃လက်အောက်ခံ ခမရ -၁၁၁ကနေ မေလ ၁၀ရက် ညရှစ်နာရီဝန်းကျင်မှာ သုံးဆယ်ရွာဘက်ကို လက်နက်ကြီးလေးလုံးထက်မနည်းပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။

အဲ့ဒီထဲက လက်နက်ကြီးတလုံးဟာသုံးဆယ်ရွာခံ ဦးစံရွှေတို့နေအိမ်ပေါ်ကိုကျရောက်ပေါက်ကွဲကာ အိမ်မှာနေထိုင်သူ ခြောက်ဦးလုံးသေဆုံးထိခိုက်မှုတွေဖြစ်ခဲ့တာပါ။

လက်နက်ကြီးထိမှန် သေဆုံးသူ နှစ်ဦးကတော့ အသက် ၆၂နှစ်အရွယ် ဦးစံရွှေနဲ့ ၂၄နှစ်အရွယ် မဝင်းဝင်းပြုံးတို့ဖြစ်တယ်လို့သိရပါတယ်။

  ဦးစံရွှေရဲ့ သမီးဖြစ်သူ ဆွေဆွေဝင်း အသက် (၂၁) နှစ်၊ ညီဖြစ်သူ ဦးလွန်ကြည့် အသက် (၆၀)နှစ်နဲ့ သမက်ဖြစ်သူ မောင်အေးချမ်း၊မောင်မြင့်ဇော်ဦး တို့ကတော့ ဒဏ်ရာတွေရခဲ့တယ်လို့ TNLA သတင်းပြန်ကြားရေးကဖော်ပြထားပါတယ်။

ဒဏ်ရာရသူလေး ဦးကို ပြင်ဦးလွင်ဆေးရုံ ပို့ပေးထားရပြီးသေဆုံးသူ နှစ်ဦးကိုတော့ ရွာခံတွေကပဲ မီးသဂြိုလ်ပေးခဲ့ရတယ်လို့ဆိုပါတယ်။

သုံးဆယ်ရွာဟာ ရှမ်းမြောက် ၁၀၂၇စစ်ဆင်ရေးကာလအတွင်း လေကြောင်းကတိုက်ခိုက်ခံခဲ့ရဖူးသလို ပြီးခဲ့တဲ့ ဧပြီ ၂၇ရက်ကလည်း လက်နက်ကြီးနဲ့ပစ်ခတ်ခံခဲ့ရပါသေးတယ်။

ဧပြီ ၂၇ရက်က ရွာထဲ လက်နက်ကြီးကျည်ကျတဲ့ဖြစ်စဉ်မှာတော့ လူသေဆုံးတာမရှိဘဲ အမျိုးသမီးတဦးဒဏ်ရာရကာ နေအိမ်နှစ်လုံးပျက်စီးခဲ့နယ်လို့သိရပါတယ်။ 

နောင်ချိုမြို့နယ်အတွင်းမှာ တအာင်းတပ်TNLA တပ်တွေလှုပ်ရှားမှုရှိပြီး TNLA ပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့တို့ နှစ်ဖက်အပစ်ရပ်ထားတဲ့ ဒေသတွေထဲ နောင်ချိုလည်းပါဝင်ပါတယ်။

ဒါပေမယ့် ၁၀၂၇ စစ်ဆင်ရေးကာလအလွန် နောင်ချိုမြို့နယ်အတွင်း မန္တလေးPDF တပ်ဖွဲ့တွေနဲ့စစ်ကောင်စီတို့ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေပြီး စစ်ကောင်စီစခန်းတချို့ကို PDFကသိမ်းယူထားကာ အံဒီစခန်းတွေပြန်ရဖို့စစ်ကောင်စီကတန်ပြန်တိုက်ခိုက်နေတာတွေလည်းရှိနေတယ်လို့ မန္တလေး PDF ကအသိပေးထားပါတယ်။