ထိုင်းမှာ ကိုဗစ်ကူးစက်မှုတွေ ပြန်လည်ဆိုးရွားလာလို့ ပညာရှင်တွေ စိုးရိမ်နေ

မေ၊ ၁၄

ကိုဗစ်ရောဂါ ကူးစက်မှု အခြေအနေတွေ ပြန်လည် ဆိုးရွားလာနေတာနဲ့ ပတ်သက်လို့ ထိုင်းကျန်းမာရေး ပညာရှင်တွေက စိုးရိမ်တကြီး သတိပေးထားခဲ့ပါတယ်။

ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ Omicron မျိုးကွဲ ကိုရိုနာဗိုင်းရပ်စ်ရဲ့ နောက်ဆုံး သန္ဓေပြောင်း ဗိုင်းရပ်စ် မူကွဲတွေဟာ ပြည်တွင်းမှာ လျင်လျင်မြန်မြန် ပျံ့နှံ့နေတယ်လို့ ချူလာလောင်ကွန်း တက္ကသိုလ်ရဲ့ ဗိုင်းရပ်စ်ဗေဒ ပညာရှင် တဦးဖြစ်တဲ့ ဒေါက်တာ ယောင် ပူဗိုရာဝန်က ပြောပါတယ်။

ဒေါက်တာယောင်ရဲ့ အဆိုအရ ထိုင်းမှာ လောလောဆယ် အဓိက ပျံ့နှံ့နေတာဟာ HK2နဲ့ JN1ဆိုတဲ့ Omicron မျိုးကွဲတွေဖြစ်ပြီး HK2ဟာ JN1ထက်တောင် ကူးစက်နှုန်း ပိုမြန်တယ်လို့ သိရပါတယ်။ JN1ဟာ အခုနှစ် အစောပိုင်းတလျှောက် ထိုင်းမှာ ကိုဗစ်ရောဂါ ပျံ့နှံ့မှုတွေရဲ့ အဓိက အကြောင်းရင်း ဖြစ်ခဲ့တဲ့ ဗိုင်းရပ်စ်မျိုးကွဲပါ။

HK2နဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံမှာ သုတေသနပြု လေ့လာတွေ့ရှိထားတဲ့ အချက်အလက်တွေ အရမ်းနည်းသေးတယ်လို့လည်း သူက ဆိုပါတယ်။ လက်ရှိ အချိန်ထိ ထောက်လှမ်း သိရှိရသလောက်ကတော့ HK2ဟာ ကူးစက်တာ အရမ်းလွယ်ကူ လျင်မြန်ပေမယ့် ရောဂါလက္ခဏာတွေကတော့ ခပ်ပျော့ပျော့သာ ဖြစ်လေ့ရှိတယ်လို့ နားလည်ထားကြောင်းလည်း ဒေါက်တာယောင်က ဆက်ပြောပါတယ်။

တချိန်တည်းမှာပဲ မာဟီဒို တက္ကသိုလ်ရဲ့ ဆေးဘက်ဆိုင်ရာဌာနနဲ့ တွဲဖက်ထားတဲ့ ရာမာသီဘိုဒီ ဆေးရုံကလည်း KP2 ဗိုင်းရပ်စ်မူကွဲ ပျံ့နှံ့မှုတွေ ခေါင်းထောင်လာတဲ့ အကြောင်းကို Facebookမှာ သတိပေး ရေးသားထားပါတယ်။ KP2ဟာ မျိုးဗီဇ ဖွဲ့စည်းပုံအုပ်စု တူညီတဲ့ KP1နဲ့ KP4 Omicron ကိုရိုနာဗိုင်းရပ်စ်တွေလိုပဲ ကူးစက်နိုင်စွမ်း မြင့်မားပြီး လူသားတွေရဲ့ ကိုယ်ခံစွမ်းအားကို လှည့်စား ရှောင်တိမ်းနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ရဲ့ အဆိုအရ ထိုင်းမှာ မကြာသေးခင်က တွေ့ရှိတဲ့ ကိုဗစ်လူနာ အနည်းဆုံး ၉ ဦးဟာ KP2 မျိုးကွဲ ကူးစက်ခံရတာလို့ အတည်ပြုနိုင်ကြောင်း သိရပါတယ်။

ထိုင်းရဲ့ ရောဂါထိန်းချုပ်ရေးဌာန (DDC)က မေလ ၁၃ ရက်နေ့ထိ သီတင်းတပတ်တာ ကာလအတွင်း ကိုဗစ်ကြောင့် ဆေးရုံတက်ရတဲ့ လူနာပေါင်း ၁၈၈၀ ရှိခဲ့ပြီး ၁၁ ဦး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။ သေဆုံးသူ အများစုဟာ ရောဂါဒဏ်ကို ခံနိုင်ရည် အရမ်းနည်းတယ်လို့ သတ်မှတ်ထားတဲ့ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ နာတာရှည် ရောဂါသည်တွေလို့လည်း DDCက ထုတ်ပြန်ခဲ့ပါတယ်။

ကိုဗစ်ဟာ ကမ္ဘာ့ကပ်ရောဂါကြီး အဆင့်မျိုး ထိခိုက်ဖျက်ဆီးနိုင်စွမ်း မရှိတော့ပေမယ့်လည်း ဇန်နဝါရီလကစလို့ ထိုင်းနိုင်ငံမှာ လူပေါင်း ၁၅၀၀၀ လောက် ကိုဗစ်ကြောင့် ဆေးရုံတက်ခဲ့ရပြီး ၁၀၄ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ အခုရက်ပိုင်းမှာတော့ ကူးစက်မှုတွေက အခြေအနေ ပိုမိုဆိုးရွားလာနေတာကြောင့် မပေါ့ဆသင့်ကြောင်း ပညာရှင်တွေက သတိပေးထားကြတာ ဖြစ်ပါတယ်။

 Ref: Bangkok Post