ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု တပတ်အတွင်း ၉ ရာခိုင်နှုန်း ကျဆင်း

၆၊ အောက်တိုဘာလ၊ ၂၀၂၁။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုအခြေအနေဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ၉ ရာခိုင်နှုန်းအထိ ကျဆင်းသွားတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

စက်တင်ဘာလ ၂၇ ရက်နေ့ကနေ အောက်တိုဘာလ ၃ ရက်နေ့အထိ တစ်ပတ်အတွင်း ကူးစက်မှုအသစ် ၃.၁ သန်းကျော်အထိ  ရှိခဲ့ပြီး သေဆုံးမှုသစ် ၅၄၀၀၀ ကျော်အထိ ရှိခဲ့တာပါ။

WHO ရဲ့ အစီရင်ခံချက်အရ တပတ်အတွင်းမှာ ကူးစက်မှုသစ်နဲ့ သေဆုံးမှုအသစ်ဖြစ်ပွားနှုန်း နှစ်ခုစလုံးကျဆင်းသွားခဲ့တာဖြစ်ပြီး ဒီထဲမှာ သေဆုံးမှုက ၄ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တာပဲဖြစ်ပါတယ်။

တပတ်အတွင်း သိသိသာသာ ကူးစက်မှု ကျဆင်းသွားတဲ့အခြေအနေမှာ အာဖရိကက ၄၃ ရာခိုင်နှုန်း၊ အရှေ့မြေထဲပင်လယ်က ၂၁ ရာခိုင်နှုန်း၊ အရှေ့တောင်အာရှာ ၁၉ ရာခိုင်နှုန်း၊ အနောက်ပစိဖိတ်က ၁၂ ရာခိုင်နှုန်းနဲ့ အမေရိကက ၁၂ ရာခိုင်နှုန်းနဲ့ သိသိသာသာ ကျဆင်းသွားခဲ့တာပါ။

ဥရောပမှာတော့ ကူးစက်မှု  ၅ ရာခိုင်နှုန်းလောက် မြင့်တက်ခဲ့ပေမယ့် အာဖရိကမှာတော့ ၂၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါတယ်။ 

WHO ရဲ့ အစီရင်ခံစာအရ အောက်တိုဘာ ၅ ရက်အထိ ကမ္ဘာတစ်ဝှမ်းလုံးမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၃၅,၁၇၅,၁၀၆ ဦးရှိခဲ့ပြီး သေဆုံးသူ ၄,၈၀၆,၈၄၁ ဦး ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။