NUG အစိုးရနဲ့ တွေ့ဆုံဆွေးနွေးရေးကိုစဥ်းစားဖို့ မလေးရှားအသင့်ရှိ

၆၊ အောက်တိုဘာလ၊ ၂၀၂၁။

အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တွေ့ဆုံဆွေးနွေးရေးကို စဥ်းစားဖို့ အသင့်ရှိတယ်လို့ မလေးရှားနိုင်ငံခြား ရေးဝန်ကြီးကပြောပါတယ်။

မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက်၅ရပ်ကို မြန်မာစစ်တပ်က ပူးပေါင်းဆောင်ရွက်မှုမရှိဘူးဆိုရင် မလေးရှားအနေနဲ့ NUG အစိုးရနဲ့ တွေ့ဆုံဆွေးနွေးရေးစဥ်းစားဖို့ အသင့်လို့ မလေးရှားနိုင်ငံခြားရေးဝန် ကြီး Saifuddin Abdullah က လွှတ်တော်တွင်းမေးခွန်းဖြေကြားစဥ်ထည့်သွင်းပြောကြားခဲ့တာပါ။

မလေးရှားနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်နေပေမဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ သီးခြားဆွေး နွေးဖို့ ဆန္ဒရှိ၊မရှိ ဒီနေ့လွှတ်တော်မှာ လွှတ်တော်အမတ်တစ်ဦးကမေးမြန်းခဲ့တာပါ။

‘အရင်ကလည်း မလေးရှားဟာ မြန်မာအာဆီယံအဖွဲ့ဝင် မဖြစ်လာခင်ကတည်းက အပြုသဘောဆောင်တဲ့ ထိတွေ့ ဆက်ဆံမှုတွေကို ကြားဝင်ညှိနှိုင်းပေးဖို့လုပ်တဲ့နိုင်ငံတစ်နိုင်ငံပါ’လို့ နိုင်ငံခြားရေးဝန်ကြီးကလွှတ်တော်တွင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီးနိုင်ငံခြားရေးဝန်ကြီးက စစ်အုပ်စုအနေနဲ့ အာဆီယံဘုံသဘောတူညီချက်ပါအချက်တွေကို ပူးပေါင်း ဆောင်ရွက်မှုမရှိသေးကြောင်း အောက်တိုဘာ၄ရက်နေ့ကကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်း အဝေးမှာသိရှိခဲ့ရတယ်လို့ ပြောပါတယ်။

မြန်မာ့အရေးကိုဖြေရှင်းဖို့ စစ်အုပ်စုဘက်က အာဆီယံနဲ့ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့အပေါ် စိတ်ပျက်မိတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အောက်တိုဘာ၄ရက်မှာပြောကြားခဲ့သလို စစ်အုပ်စုအနေနဲ့ အာဆီယံအထူးသံ တမန်နဲ့ မပူးပေါင်းဘူးဆိုရင် ဒီလကုန်ပိုင်းမှာ ကျင်းပမယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲသို့ မင်းအောင်လှိုင်ကို တက်ရောက်ခွင့်ပေးဖို့ ခက်လိမ့်မယ်လို့လည်း ပြောကြားခဲ့ပါသေးတယ်။