ဇူလိုင်လအတွင်း လက်နက်ကိုင်တိုက်ပွဲနဲ့ ပဋိပက္ခ ဖြစ်စဉ် ၃၅၀ကျော် ဖြစ်ပွားခဲ့တယ်လို့ NUG ထုတ်ပြန်

၁၀၊ ဩဂုတ်လ၊ ၂၀၂၁။

မြန်မာနိုင်ငံမှာ ဇူလိုင်လအတွင်း လက်နက်ကိုင်တိုက်ပွဲနဲ့ ပဋိပက္ခ ဖြစ်စဉ် (၃၅၅)ကြိမ်ရှိခဲ့ရာ စစ်အုပ်စုဘက်က သေဆုံးသူ ၇၀၀ ကျော်ရှိခဲ့ပြီး အရပ်သားပြည်သူ ၂၀၀နီးပါး ကျဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ပြည်တွင်း သတင်းမီဒီယာဌာန ၃၀မှာ ဖော်ပြထားတဲ့ သတင်းတွေကို အခြေခံပြုစုထားတဲ့ အချက်အလက်တွေကို စုစည်းထုတ်ပြန်တာကြောင့် ကိန်းဂဏန်းတွေဟာ အကန့် အသတ်ရှိပြီး မြေပြင်မှာတော့ အရေအတွက်ပိုများနိုင်တယ်လို့ ဆိုပါတယ်။

တိုက်ပွဲနဲ့ ပဋိပက္ခဖြစ်စဉ် ၃၅၅ကြိမ်ရှိခဲ့ရာ လက်နက်ကိုင်တိုက်ပွဲ ၆၀ကြိမ်၊ လက်နက်ကိုင်ခုခံမှု ၆၂ကြိမ်၊ စစ်အုပ်စုရဲ့လက်တံတွေ လုပ်ကြံခံရမှု ၈၇ကြိမ်၊ ပေါက်ကွဲမှု ၇၅ကြိမ်၊ စစ်အုပ်စုတပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှု ၂ကြိမ်၊ စစ်ကောင်စီက အရပ်သားတွေအပေါ် အကြမ်းဖက်မှု ၆၉ကြိမ် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဇူလိုင်လအတွင်းမှာ စစ်အုပ်စုဘက်က သေဆုံးသူ ၇၄၀ကျော် ဒဏ်ရာရသူ ၃၆၀ကျော် ရှိခဲ့ပြီး ပြည်သူ ၂၀၀နီးပါး ကျဆုံးကာ ၄၇ဦးဒဏ်ရာရရှိခဲ့ပါတယ်။

တိုက်ပွဲနဲ့ ပဋိပက္ခဖြစ်စဉ်တွေဟာ စစ်ကိုင်းတိုင်းမှာ ၁၀၇ ကြိမ်နဲ့ အများဆုံးဖြစ်ခဲ့ပြီးတော့ ရခိုင်ပြည်နယ်မှာတော့ ၂ကြိမ်နဲ့ အနည်းဆုံးဖြစ်ပွားခဲ့တာပါ။ မန္တလေးတိုင်းမှာ ၄၄ကြိမ်၊ ကချင်ပြည်နယ်မှာ ၄၀ ကြိမ်၊ ရန်ကုန်တိုင်းမှာ ၃၅ကြိမ်၊ မကွေးတိုင်းမှာ ၂၂ကြိမ်၊ ရှမ်းပြည်နယ်မှာ ၂၀ကြိမ်၊ ကရင်ပြည်နယ်မှာ ၁၉ကြိမ်၊ မွန်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ ၁၃ကြိမ်စီ၊ ဧရာ၀တီတိုင်းနဲ့ ကယားပြည်နယ်မှာ ၁၁ကြိမ်၊ ပဲခူးတိုင်းမျာ ၁၀ကြိမ်နဲ့ တနင်္သာရီတိုင်းမှာ ၈ကြိမ်ဖြစ်ပွားခဲ့ပါတယ်။

အဲဒီဖြစ်စဉ်တွေထဲမှာ စစ်အုပ်စုနဲ့ လက်နက်ကိုင်တိုက်ပွဲဖြစ်ပွားမှု၊ စစ်အုပ်စုကို လက်နက်ကိုင်ခုခံမှု အများဆုံးက စစ်ကိုင်းတိုင်းမှာ ဖြစ်ပြီး လက်နက်ကိုင်တိုက်ပွဲနဲ့လက်နက်ကိုင် ခုခံမှု ၃၉ကြိမ်ရှိခဲ့ပါတယ်။

အခု ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်အုပ်စုတပ်တွေ အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဖြစ်စဉ်တွေကို ဖော်ပြထားတာမတွေ့ရပါဘူး။

စစ်အုပ်စုနဲ့ တိုက်ပွဲတွေစဉ်ဆက်မပြတ်ဖြစ်ပွားနေတဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)က သူတို့ရဲ့ ခရိုင်နဲ့ တပ်မဟာ ၄ခုနယ်မြေမှာ ဇူလိုင်လအတွင်းက စစ်အုပ်စုလက်အောက်ခံတပ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု ၁၈၀ ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ၂၅၀ ခန့် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်တွေမှာလည်း ဒေသခံတိုင်းရင်းသား လက်နက်ကိုင်တပ်တွေဟာ စစ်အုပ်စုကို ခုခံတိုက်ခိုက်ခဲ့လို့ တိုက်ပွဲတွေဖြစ်ပွားခဲ့တာရှိပါတယ်။