စစ်အာဏာရှစ်စနစ်ကို အမြစ်ဖြတ် ချေမှုန်းသွားမယ်လို့ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လပြောကြား

၁၀၊ ဩဂုတ်လ၊ ၂၀၂၁။

လူမျိုးကြီးဝါဒကျင့်သုံးပြီး အုပ်ချုပ်နေတဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ် ချေမှုန်းသွားဖို့ KIO အနေနဲ့ ဗမာပြည်သူလူထု၊ အဖွဲ့အစည်းတွေနဲ့ လက်တွဲလုပ်ဆောင်နေတယ်လို့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကပြောပါတယ်။

ဩဂုတ်လ ၁၀ရက်နေ့မှာ ကျရောက်တဲ့ ကချင်အာဇာနည်နေ့မှာ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက အမှတ်တရမိန့်ခွန်းပြောကြားစဉ်မှာ ထည့်သွင်းပြောကြားခဲ့တာပါ။

“ကချင်လွတ်လပ်ရေးအဖွဲ့ KIO သည် ဗမာလူမျိုးကြီးဝါဒကျင့်သုံးပြီး စစ်အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်နေသော စစ်တပ်ကို အမြစ်ပြတ်ချေမှုန်းသွားဖို့ ဆုံးဖြတ်ထားသည့်အတွက် တော်လှန်ရေးမဟာမိတ်အဖွဲ့၊ ဗမာ ပြည်သူလူထု၊ အဖွဲ့အစည်းများဖြင့် လက်တွဲကာ နိုင်ငံရေး၊ စစ်ရေးအရ ပူးပေါင်း တိုက်ခိုက်မှုများ အစီစဉ်တကျပြုလုပ်နေပါတယ်”လို့KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လကပြောပါတယ်။

အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူကို ရန်သူသဖွယ် ပစ်သတ်တာ၊ ဖမ်းဆီးနှိပ်စက်တာ၊ ပြည်သူလူထုနေအိမ်တွေကို မီးရှို့တာ၊ ငွေကြေး ဥစ္စာ လုယက်တာ စတဲ့လုပ်ရပ်တွေဟာ ၂၁ ရာစု မည်သည့်နေရာတွင်မျှ မရှိသော ဖက်ဆစ်စနစ်ကို ကျင့်သုံးနေတာ ဖြစ်တယ်လို့ KIO ဥက္ကဋ္ဌ မိန့်ခွန်းမှာ သုံးသပ် ပြောဆိုထားပါတယ်။ စစ်အုပ်စုရဲ့ အဆိုပါလုပ်ရပ်တွေဟာ ကချင်ဒေသတွင် ခံစားခဲ့ရတာဟာ နှစ်ပေါင်း ၇၀ ကျော် ပြီလို့ ထည့်သွင်းပြောကြားထားပါတယ်။

KIA ဝန်ထမ်းတွေအနေနဲ့လည်း မြန်မာတစ်နိုင်ငံလုံးက အားပေးနေတာမို့ တိုက်ပွဲတိုင်းအောင်မြင်မှုရအောင် အားစိုက်ထုတ်ကြဖို့နဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စေနိုင်တဲ့ လုပ်ရပ်တွေကို အထူးရှောင်ရှားဖို့ မိန့်ခွန်းမှာ တိုက်တွန်းထားပါတယ်။

ပထမဆုံးသော ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ဥက္ကဋ္ဌ GOC Lahtaw Zau Seng လုပ်ကြံသတ်ဖြတ်ခံရတဲ့ ၁၉၇၅ ဩဂုတ် ၁၀ ရက်နေ့ကို ကချင်အာဇာနည်နေ့အဖြစ် KIO က သတ်မှတ်ပြီး နှစ်စဉ် ပြုလုပ်ခဲ့ရာ ယနေ့သည် ၄၆ ကြိမ်မြောက်ရှိပြီ ဖြစ်ပါတယ်။

Credit- Kachin News Group