တောင်တရုတ်ပင်လယ်ထဲမှာ ကျွန်းတုတွေ တည်ဆောက်နေကြောင်း ဖိလစ်ပိုင် စွပ်စွဲချက်ကို တရုတ်ငြင်းဆို

မေ၊ ၁၄

ပိုင်နက် အငြင်းပွားနေရာ ရေပြင်မှာ စစ်တပ် အခြေစိုက်ဖို့ ကျွန်းတုတွေ တည်ဆောက်နေကြောင်း ဖိလစ်ပိုင်ရဲ့ စွပ်စွဲချက်ကို တရုတ်က ငြင်းဆိုသွားပါတယ်။

မေလ ၁၃ ရက်နေ့မှာ ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်က တောင်တရုတ်ပင်လယ်ထဲက ဖိလစ်ပိုင် ကမ်းလွန်၊ အထူးစီးပွားရေးဇုန် သတ်မှတ်ရေပြင်မှာရှိတဲ့ သန္တာကျောက်တန်းတွေ၊ ကမ်းလွန်သောင်ခုံကျွန်းတွေနဲ့ ကျွန်းသိမ်ကျွန်းမွှားတွေကို မျက်ခြေမပြတ် ပိုမို စောင့်ကြည့်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

ဖိလစ်ပိုင်က တရုတ်ဟာ အဲဒီ သန္တာကျောက်တန်းတွေနဲ့ ကျွန်းငယ်တွေကို အခြေပြုပြီး ကျွန်းတုတွေ ချဲ့ထွင် တည်ဆောက်နေတယ်လို့လည်း စွပ်စွဲခဲ့ပေမယ့် တရုတ်က ငြင်းဆိုခဲ့တာ ဖြစ်ပါတယ်။ တရုတ်ရေတပ်ဟာ အရင်ကလည်း တောင်တရုတ် ပင်လယ်ထဲက သန္တာကျောက်တန်းတွေနဲ့ ဆက်စပ်တဲ့ ကျွန်းတုတွေ တည်ဆောက်ပြီး ကမ်းဝေး စစ်အခြေစိုက် စခန်းအဖြစ် အသုံးပြုတာတွေ ရှိခဲ့ပါတယ်။

ဖိလစ်ပိုင် အမျိုးသား လုံခြုံရေးကောင်စီ (NSC)ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဂျိုနသန် မာလာယာက NSC အကြီးအကဲ အီဒွာဒို အေနိုဟာ ဖိလစ်ပိုင် ကမ်းလွန်ကနေ ရေမိုင် ၂၀၀ အကွာ အထူးစီးပွားရေးဇုန် သတ်မှတ် ရေပြင်ကို ပိုပြီး အာရုံစိုက် စောင့်ကြည့်ဖို့ ညွှန်ကြားထားကြောင်း ပြောပါတယ်။ ဖိလစ်ပိုင် အထူးစီးပွားရေးဇုန် သတ်မှတ် ရေပြင်ကို ဖိလစ်ပိုင်ကလွဲပြီး ဘယ်နိုင်ငံကမှ လုံခြုံရေး စောင့်ကြည့်တာမျိုး လက်မခံဘူးလို့လည်း သူက ဆိုပါတယ်။

တဖက်မှာတော့ အဲဒီ ရေပြင်အပါအဝင် တောင်တရုတ်ပင်လယ် ရေပြင်ဧရိယာ တခုလုံးနီးပါးကို တရုတ်က ပိုင်နက်အဖြစ် ကြေညာထားတာကြောင့် ဖိလစ်ပိုင်အပြင် ဘရူနိုင်း၊ မလေးရှား၊ ထိုင်ဝမ်၊ ဗီယက်နမ်တို့လို ဒေသတွင်း နိုင်ငံတွေနဲ့ပါ အငြင်းပွားမှုတွေ ရှိနေပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း တရုတ်-ဖိလစ်ပိုင် တင်းမာမှုတွေကတော့ အမြင့်ဆုံး အခြေအနေကို ရောက်လာပြီး နှစ်ဖက် ကမ်းခြေစောင့်တပ် ရေယာဉ်တွေ အချင်းချင်း ပဋိပက္ခတွေပါ ဖြစ်ခဲ့ပါတယ်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက တောင်တရုတ်ပင်လယ်ထဲမှာ တရုတ်က ကျွန်းတုတွေ တိုးချဲ့ တည်ဆောက်နေတယ်ဆိုတဲ့ ဖိလစ်ပိုင် စွပ်စွဲချက်ဟာ အခြေအမြစ် မရှိတဲ့ စိတ်ကူးယဉ် သက်သက်တွေသာ ဖြစ်တယ်လို့ မေလ ၁၃ ရက် ညပိုင်းမှာ တုံ့ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ဖိလစ်ပိုင် အစိုးရ အနေနဲ့ သဘောထား ကွဲလွဲမှုတွေကို မှန်ကန်သင့်တော်တဲ့ ဆွေးနွေးညှိနှိုင်းမှု လမ်းကြောင်းကသာ ချဉ်းကပ် ဖြေရှင်းသင့်ပြီး တင်းမာမှုတွေ မြင့်တက်စေမယ့် စွပ်စွဲချက်တွေကို ဆင်ခြင်သင့်တယ်လို့လည်း တရုတ်က ဝေဖန်သွားပါတယ်။

 Ref: CNA