ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာတဲ့နောက် တရုတ်မှာ ရဲအင်အား တိုးမြှင့် ဖြန့်ကျက် 

မြို့ကြီးတချို့မှာ ကပ်ရောဂါ တားဆီး ထိန်းချုပ်ရေးဆိုင်ရာ တင်းကျပ်တဲ့ မူဝါဒတွေကို ဆန္ဒပြမှုတွေ ပေါ်ပေါက်လာအပြီး တရုတ် အစိုးရက ရဲတပ်ဖွဲ့ဝင်အင်အား အလုံးအရင်း ဖြန့်ကျက်ထားလိုက်ကြောင်း သိရပါတယ်။ 

နိုဝင်ဘာ ၂၉ ရက် မနက်ပိုင်းထိ အခြေအနေတွေအရ ဆန္ဒပြမှုတွေ အဓိက ထူပြောခဲ့ရာ ရှန်ဟိုင်း အပါအဝင် မြို့ကြီးတွေမှာ ပြန်လည် ငြိမ်သက်သွားတာကို တွေ့ရပါတယ်။ အဲဒီလို ဖြစ်အောင်လည်း တရုတ်က လူစည်ကားရာ လမ်းဆုံ လမ်းခွတွေ အပါအဝင် နေရာအနှံ့အပြားမှာ ရဲတွေ အင်အား အများအပြား နေရာယူ ဖြန့်ကျက်ထားလိုက်ပါတယ်။ 

တရုတ်ရဲ့ စီးပွားရေး အချက်အခြာ မြို့တော်ဖြစ်တဲ့ ရှန်ဟိုင်းက အဓိက လမ်းမတွေမှာ ရဲအင်အား အလုံးအရင်း ဖြန့်ကျက်ထားသလို တချို့နေရာတွေမှာလည်း လမ်းအတားအဆီးတွေ ချထားတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က စတင်တဲ့ ဆန္ဒပြပွဲတွေမှာ ရှန်ဟိုင်းမြို့ခံ တချို့ကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးထားခဲ့ပါသေးတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်က တရုတ်နိုင်ငံ အနောက်ပိုင်း၊ ရှင်းကျန်းဒေသမှာ ကပ်ရောဂါ ထိန်းချုပ်ရေး အသွားအလာ ကန့်သတ်မှု စည်းမျဉ်းတွေကြောင့် မီးလောင်နေတဲ့ တိုက်တစ်လုံးက လူတွေ အပြင်ထွက်ခွင့် မရဘဲ ပိတ်မိ သေဆုံးခဲ့တဲ့ ဖြစ်စဉ်အပြီး အစိုးရရဲ့ ဇီးရိုးကိုဗစ် မူဝါဒအပေါ် ဆန္ဒပြမှုတွေ စတင် ပေါ်ပေါက်လာပါတယ်။ အဲဒီဖြစ်စဉ်မှာ လူ ၁၀ ဦးထက်မနည်းသေပြီး အနည်းဆုံး ၉ ဦး ဒဏ်ရာရခဲ့ပါတယ်။ 

တရုတ် အစိုးရဟာ ကိုဗစ်ကူးစက်မှုနှုန်း မြင့်တက်တဲ့ ဧရိယာတွေမှာ တင်းတင်းကျပ်ကျပ် Lockdownချတဲ့ လုပ်ထုံးလုပ်နည်းတွေကို ဆက်လက် ကျင့်သုံးနေဆဲဖြစ်ပြီး ဒီအခြေအနေက လူမှုရေး၊ စီးပွားရေးအရ ဆိုးဆိုးရွားရွား ထိခိုက်စေတာကြောင့် ပြည်သူတွေက စိတ်ပျက်နေကြပါတယ်။ 

ဒါ့အပြင် တရုတ်ဟာ ပြည်တွင်းမှာ ထုတ်လုပ်တဲ့ ကာကွယ်ဆေးတွေကို အလုံးအရင်း ထိုးနှံပေးထားပေမယ့် အဲဒီဆေးတွေဟာ အမေရိကန်လုပ် mRNA နည်းပညာသုံး ဆေးဝါးတွေလောက် အစွမ်းမထက်တဲ့အတွက် ပြည်တွင်းက ကူးစက်နှုန်းကို ထိထိရောက်ရောက် မချိုးနှိမ်နိုင်ဘဲ ဖြစ်နေပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ရှန်ဟိုင်းမှာ အစိုးရရဲ့ ဇီးရိုးကိုဗစ် မူဝါဒ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အစပြုခဲ့တဲ့နောက် လျန်ဇူး၊ ဝူဟန်၊ ချန်ဒူ၊ ရှီယန်၊ ဘေဂျင်းစတဲ့ မြို့ကြီးတွေမှာလည်း ဆန္ဒပြ လှုပ်ရှားမှုတချို့ ပေါ်ပေါက်ခဲ့ကြောင်း သိရပါတယ်။