ဖိလစ်ပိုင် မြေပြိုမှုတွေကြောင့် သေဆုံးသူ ငါးဆယ်ကျော်လွန်လာ

ဖေဖော်ဝါရီ၊ ၁၂

ဖိလစ်ပိုင် တောင်ပိုင်းက မြေပြိုမှုတွေမှာ သေဆုံးသူ အရေအတွက်ဟာ ၅၀ ကျော်လွန်လာပြီဖြစ်ပြီး နောက်ထပ် ၅ ဒါဇင်ကျော် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက်ထိ စာရင်းတွေအရ ဒါဗာအို ဒီအိုရို ဒေသမှာရှိတဲ့ မာဆာရာ ကျေးရွာမှာ မြေပြိုလို့ သေဆုံးသူ ၅၄ ဦးထိ အတည်ပြုထားနိုင်ပြီး ၆၃ ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။ ရွှေသတ္တု တူးဖော်ရေး လုပ်ငန်းတွေ အဓိက လုပ်ကိုင်ပြီး တောင်စောင်းဧရိယာမှာ တည်ရှိတဲ့ ရွာလေးဟာ ပြီးခဲ့တဲ့ သီတင်းပတ် အစောပိုင်းက ရုတ်တရက် မြေပြုမှုတွေနဲ့ ကြုံခဲ့ရတာပါ။

ဒါဗာအို ဒီအိုရို ဒေသ အုပ်ချုပ်ရေးဌာနက ရုပ်အလောင်း ၅၄ ခုထိ ရှာဖွေ တွေ့ရှိထားပြီလို့ Facebookပေါ်မှာ ရေးသား ထုတ်ပြန်ခဲ့ပါတယ်။ ကယ်ဆယ်ရေး အဖွဲ့တွေဟာ ရွှံ့ချပ်တွေအောက် ပိတ်မိနေသူတွေ အပါအဝင် ဒဏ်ရာရသူ ၃၂ ဦးထက် မနည်းကို ဆေးရုံ တင်ပို့နိုင်ခဲ့ပါတယ်။ လက်ရှိ ပျောက်ဆုံးနေသူတွေထဲမှာ အိမ်ပြန်ခါနီး ဘတ်စ်ကား နှစ်စီးထဲမှာ ထိုင်စောင့်နေတဲ့ မိုင်းတွင်း လုပ်သားတွေလည်း ပါဝင်ခဲ့ပါတယ်။ ရုတ်တရက် ပြိုကျလာတဲ့ မြေသားနဲ့ ကျောက်သားတွေဟာ ဘတ်စ်ကားတွေကို ဖုံးအုပ်သွားခဲ့တာ ဖြစ်ပါတယ်။ 

ကျောက်တုံးတွေ၊ မြေစိုင်ခဲတွေနဲ့ အမြစ်ကပါ ကျွတ်ထွက်လာတဲ့ သစ်ပင်တွေဟာ မီတာ ၇၀၀ လောက် ရှည်လျားတဲ့ မတ်စောက်တဲ့ တောင်စောင်းအတိုင်း လိမ့်ဆင်းလာပြီး ၂၂ ဧကလောက် ကျယ်ဝန်းတဲ့ မြေပြင်ကို ဖုံးလွှမ်းသွားခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ် မြေပြိုမှုတွေ ဖြစ်လာနိုင်ခြေကြောင့် အနီးတဝိုက် ဧရိယာတွေမှာ နေထိုင်သူ မိသားစုပေါင်း ၁၁၀၀ ကျော်လောက်ကိုလည်း ယာယီ ခိုလှုံရေး စခန်းတွေဆီ ရွှေ့ပြောင်းပေးထားရကြောင်း ကယ်ဆယ်ရေးတွေက ပြောပါတယ်။

လွန်ခဲ့တဲ့ တပတ်လောက်အတွင်း ဖိလစ်ပိုင် တောင်ပိုင်းမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကလည်း ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အခက်အခဲတွေ ကြုံတွေ့နေစေပါတယ်။

အရှေ့တောင်အာရှ ဒေသတွင်းက ကျွန်းစုနိုင်ငံဟာ တောင်ထူထပ်တဲ့ ပထဝီဝင် ဖွဲ့စည်းပုံ အနေအထား၊ မိုးသည်းသည်းထန်ထန် ရွာသွန်းလေ့ရှိတဲ့ ရာသီဥတု၊ သတ္တုမိုင်း တူးဖော်ရေး လုပ်ငန်းတွေ၊ တောင်စောင်းတွေက သစ်တောတွေကို အလွန်အကျွံ ခုတ်ထွင်မှုတွေကြောင့် မြေပြိုမှုတွေနဲ့ မကြာခဏ ကြုံရလေ့ ရှိပါတယ်။

 

Ref: AP