ရုရှားနဲ့ နယ်စပ်တလျှောက် ခံတပ် ခြောက်ရာလောက် ဖြန့်ကျက် ဆောက်လုပ်ဖို့ NATO သုံးနိုင်ငံ စီစဉ်

ဖေဖော်ဝါရီ၊ ၁၂

NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံသုံးခုဟာ ရုရှားနဲ့ နယ်စပ်တလျှောက်မှာ စုစုပေါင်း ခံတပ် ၆၀၀ လောက် တည်ဆောက်ဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

ယူကရိန်းကို ရုရှားက ကျူးကျော် စစ်ပြုခဲ့တဲ့နောက် NATO မဟာမိတ် နိုင်ငံတွေကိုပါ ထပ်ဆင့် ထိပါးလာနိုင်တယ်ဆိုတဲ့ စိုးရိမ်စိတ်နဲ့အတူ အခုလို အစီအစဉ်မျိုးကို အကောင်အထည် ဖော်လာတာ ဖြစ်ပါတယ်။ လတ်ဗီးယား၊ လစ်သူယေးနီးယားနဲ့ အက်စ်တိုးနီးယားတို့ဟာ ယူရို သန်း ၆၀ လောက် ကုန်ကျမယ့် ခံတပ် စည်းရိုး စီမံကိန်းကို ပူးပေါင်း အကောင်အထည် ဖော်ကြမှာပါ။

တကယ်လို့ ရုရှားက အဲဒီ NATO နိုင်ငံတွေကို အလစ်အငိုက် ကျူးကျော် တိုက်ခိုက်ပြီး စစ်ပွဲစတင်လာရင် အစောပိုင်း နာရီတွေမှာ ခုခံနိုင်ဖို့ အဲဒီ နယ်စပ် ခံတပ်တွေကို တည်ဆောက်မှာ ဖြစ်ပါတယ်။

ယူကရိန်း စစ်ပွဲနောက်ပိုင်း ဥရောပဟာ တတိယ ကမ္ဘာစစ်နဲ့ ကြုံတွေ့ဖို့ စိုးရိမ်စရာတွေ ပိုများလာကြောင်း NATO ခေါင်းဆောင်တွေက ယူဆထားပြီး စစ်ပွဲအတွက် အသင့်အနေအထား ပြင်ဆင်မှုတွေကို စတင်လာတာ ဖြစ်ပါတယ်။

ဘောလ်တစ်ဒေသနဲ့ ဆက်စပ်နေတဲ့ သုံးနိုင်ငံဟာ ရုရှားနဲ့ ထိစပ်နေရာ နယ်စပ်မှာ ထိရောက်ပြီး ခံစစ်အတွက် ရာနှုန်းပြည့် အသင့်ဖြစ်နေမယ့် စစ်ရေး အစီအမံတွေကို အကောင်အထည် ဖော်သွားမယ်လို့ အသီးသီး အတည်ပြုထားပါတယ်။

အက်စ်တိုးနီးယား ကာကွယ်ရေးဝန်ကြီး ဆူဆန် လီလီဗယ်လီက အဲဒီ ခံစစ်အစီအမံတွေရဲ့ ရည်ရွယ်ချက်က စစ်ပွဲရဲ့ ပထမဆုံး နာရီတွေမှာ ပထမဆုံး ချဉ်းနင်းဝင်ရောက်မှုတွေကို ဟန့်တားဖို့ ဖြစ်တယ်လို့ ပြောပါတယ်။

တကယ်လို့ ရုရှားကသာ NATO အဖွဲ့ဝင် နိုင်ငံတွေကို အမှန်တကယ် စတင် တိုက်ခိုက်လာမယ်ဆိုရင် အက်စ်တိုးနီးယား၊ လတ်ဗီးယားနဲ့ လစ်သူယေးနီးယားတို့ဟာ ဦးစားပေး ပစ်မှတ်တွေ ဖြစ်လာနိုင်ကြောင်း စစ်ရေး လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

တကယ်လို့သာ ရုရှားက NATO အဖွဲ့ဝင် နိုင်ငံတခုခုကို လက်တွေ့ တိုက်ခိုက်ခဲ့မယ်ဆိုရင် NATO ပဋိညာဉ် အပိုဒ် ၅ အသက်ဝင်လာမှာဖြစ်ပြီး အဖွဲ့ဝင် နိုင်ငံအားလုံးက စစ်ရေးအရ တုံ့ပြန်မှာ ဖြစ်ပါတယ်။ အဲဒီအခြေအနေ ဖြစ်လာရင် တတိယ ကမ္ဘာစစ် အစပြုမယ်လို့ ယူဆနိုင်ပါတယ်။ ရုရှားကတော့ NATOကို စစ်တိုက်ဖို့ လုံးဝ အစီအစဉ် မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

 

Ref: Bloomberg