ယူကရိန်းဟာ ကံဆိုးမိုးမှောင်ကျနိုင်တဲ့ လမ်းကြောင်းပေါ် ဦးတည်နေတယ်လို့ ပူတင် သတိပေး

Photo – AFP

အနောက်အုပ်စုဟာ ရုရှားနိုင်ငံအပေါ် ဆယ်စုနှစ်များစွာ ရန်လိုနေခဲ့တယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဇူလိုင်လ ၇ရက်နေ့မှာ စွပ်စွဲလိုက်ပြီး စစ်မြေပြင်မှာ ရုရှားကို အနိုင်ယူဖို့ ကြိုးစားတာ ဆိုပေမယ့် အဲဒါက ယူကရိန်းနိုင်ငံအတွက် ကံဆိုးမိုးမှောင်ကျမှုတွေ ကြုံတွေ့လာစေလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။

ဒီကနေ့ ဇူလိုင်လ ၈ရက်နေ့ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ G20 အစည်းအဝေးမှာ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ တံခါးပိတ်ဆွေးနွေးပွဲအတွက်  ပြင်ဆင်နေချိန်မှာ သမ္မတပူတင်ရဲ့ မှတ်ချက်စကား ထွက်ပေါ်လာတာဖြစ်ပါတယ်။

 “အနောက်အုပ်စုတွေက ရုရှားကို ထိန်းချုပ်ဖို့  ကြိုးပမ်းတာ မအောင်မြင်ခဲ့ပါဘူး၊ သူတို့ရဲ့ ပိတ်ဆို့ အရေးယူမှုတွေကြောင့် အခက်အခဲတွေ  ဖြစ်ပေါ်ခဲ့ပေမယ့် ရည်ရွယ်ထားတဲ့ အတိုင်းအတာအထိတော့ မလုပ်ဆောင်နိုင်ခဲ့ကြဘူး” လို့ ရုရှားသမ္မတ ပူတင်က ဆိုပါတယ်။

ရုရှားအနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို မငြင်းဆိုပေမယ့် ပဋိပက္ခတွေ ပိုမိုပြင်းထန်လာရင်တော့ သဘောတူညီချက်ရရှိဖို့အတွက်  ပိုမိုခက်ခဲလာနိုင်တယ်လို့ ဆက်လက်ပြောဆိုပါတယ်။

ယူကရိန်း စေ့စပ်ညှိနှိုင်းရေးမှူး Mykhailo Podolyak ကတော့ ပူတင်ရဲ့မှတ်ချက်တွေကို ပယ်ချခဲ့ပြီး “အနောက်အုပ်စုတွေစုပေါင်းထားတဲ့ အစီအစဉ်ဆိုတာ မရှိပါဘူး၊ ယူကရိန်းအချုပ်အခြာအာဏာထဲကို ဝင်ရောက်ပြီး မြို့တွေကို ပစ်ခတ်၊ အရပ်သားတွေကို သတ်ဖြတ်ခဲ့တဲ့ ရုရှားစစ်တပ်ကိုသာ အပြစ်တင်ရမှာပါ” လို့ ပြောဆိုထားပါတယ်။