ရုရှားထိန်းချုပ်ထားရာ ဒွန်းညက်စ်ခ်မြို့မှာ စျေးထဲ လက်နက်ကြီးကျည်ကျလို့ လူနှစ်ဒါဇင်ကျော် သေဆုံး

ဇန်နဝါရီ၊​၂၂

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက ရုရှား ထိန်းချုပ်ထားရာ ဒွန်းညက်စ်ခ်မြို့က စျေးထဲကို လက်နက်ကြီး ကျည်ဆန် ကျရောက် ပေါက်ကွဲရာက လူပေါင်း နှစ်ဒါဇင်ထက်မနည်း သေဆုံးခဲ့ပါတယ်။

ဒွန်းညက်စ်ခ်ဟာ ၂၀၁၄ ခုနှစ်မှာ ရုရှားက ကျောထောက်နောက်ခံ ပေးထားတဲ့ ခွဲထွက်ရေး သူပုန်တွေ အုံကြွပြီး သိမ်းယူလိုက်တဲ့ နောက်ပိုင်း ကတည်းက ရုရှားရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိနေခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာ ရုရှားက ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲခဲ့တဲ့ အချိန်မှာတော့ ဒွန်းညက်စ်ခ်ဟာ ရှေ့တန်း စစ်မြေပြင်နဲ့ သိပ်မဝေးတဲ့ နေရာတခု ဖြစ်လာပါတော့တယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကတော့ ဒွန်းညက်စ်ခ်မှာရှိတဲ့ လူစည်ကားရာ စျေးတခုထဲကို ယူကရိန်း ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ဆန် ကျရောက် ပေါက်ကွဲပြီး လူ ၂၇ ဦးထက်မနည်း သေဆုံးခဲ့သလို နောက်ထပ် ၂၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ရုရှားက ခန့်အပ်ထားတဲ့ ဒေသခံ အုပ်ချုပ်ရေး အရာရှိ ဒင်းနစ် ပူရှီလင်က ပြောပါတယ်။ 

ဒွန်းညက်စ်ခ် ဆင်ခြေဖုံးမှာရှိတဲ့ တက်ခ်စတီလ်ရှ်ချစ်ခ် ရပ်ကွက်က စျေးထဲမှာ ဖြစ်ပွားတဲ့ ပေါက်ကွဲမှုအတွင်း သေဆုံးသူတွေထဲမှာ ကလေး ၂ ဦးလည်း ပါဝင်ခဲ့တယ်လို့ သူက ဆိုပါတယ်။

ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ဒွန်းညက်စ်ခ်မှာရှိတဲ့ စျေးကို လက်နက်ကြီး ထိမှန်ခဲ့တဲ့ ကိစ္စအပေါ် အကြမ်းဖက် လုပ်ရပ်လို့ စွပ်စွဲ ကြေညာခဲ့ပါတယ်။

ယူကရိန်းဖက်ကတော့ အခုကိစ္စနဲ့ ပတ်သက်လို့ ဘာမှတ်ချက်မှ မပေးသေးသလို ရုရှားက စွပ်စွဲတဲ့အတိုင်း ယူကရိန်း ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဆန်က အရပ်သား ဧရိယာထဲ ကျရောက်ပေါက်ကွဲခဲ့တာ ဟုတ်မဟုတ် ဆိုတာကို သီးခြား အတည်ပြုလို့ မရသေးပါဘူး။

ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရက်ဇ်ကတော့ ဒွန်းညက်စ်ခ်မှာ ဖြစ်ပွားခဲ့တဲ့ လက်နက်ကြီး ပစ်ခတ်မှု အပါအဝင် အရပ်သားတွေနဲ့ အရပ်ဖက် အဆောက်အအုံတွေကို တိုက်ခိုက်မှု မှန်သမျှကို ရှုတ်ချတယ်လို့ ကြေညာခဲ့ပါတယ်။

ရုရှားဟာ ယူကရိန်းကို အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်ခဲ့ပြီးတဲ့နောက် သိမ်းပိုက် ရရှိထားတဲ့ နယ်မြေ ၄ ခုကို ရုရှားပိုင်နက်အဖြစ် သွတ်သွင်းကြောင်း ကြေညာခဲ့ရာမှာ ဒွန်းညက်စ်ခ်လည်း အပါအဝင် ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီ ထုတ်ပြန်ချက်ကို နိုင်ငံတကာ အသိုက်အဝန်းကတော့ အသိအမှတ်ပြုဖို့ ငြင်းပယ်ထားကြပါတယ်။

 

Ref: AP