ကြိုတင် ကြေညာမထားတဲ့ ခရီးစဉ်အဖြစ် ယူကရိန်းကို ရထားစီးပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရောက်ရှိလာ

မေ၊ ၁၄

အမေရိကန်ရဲ့ စစ်ရေး အထောက်အပံ့သစ်တွေ စတင်ပေးပို့တဲ့ အချိန်နဲ့ တိုက်ဆိုင်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ဟာ ယူကရိန်းကို ရောက်ရှိလာခဲ့ကြောင်း သိရပါတယ်။

ရှေ့တန်း စစ်မြေပြင်မှာ ခဲယမ်းမီးကျောက် ခန်းခြောက်လာမှုကြောင့် ယူကရိန်း ခုခံရေး တပ်ဖွဲ့တွေ အကျပ်ရိုက်ပြီး ရုရှားရဲ့ စစ်ရေး ဖိအားဒဏ်ကို အလူးအလဲ ခံစားနေရချိန်မှာ ဘလင်ကန်က ကိယက်ဗ်မြို့ဆီ ရောက်လာတာ ဖြစ်ပါတယ်။ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ရုရှားကို စစ်မနိုင်စေချင်ရင် အနောက်မဟာမိတ် နိုင်ငံတွေ အနေနဲ့ ယူကရိန်းဆီ စစ်ရေး အထောက်အပံ့တွေ အပူတပြင်း ပိုမိုပေးပို့ကြဖို့ လိုအပ်ကြောင်း တိုက်တွန်းထားပါတယ်။

အမေရိကန်မှာ ယူကရိန်းဆီ ဒေါ်လာ ၆၁ ဘီလီယံဖိုး စစ်လက်နက်နဲ့ စစ်အသုံးအဆောင်တွေ ထောက်ပံ့မယ့် ကိစ္စဟာ လွှတ်တော်တွင်း ငြင်းခုံမှုတွေကြောင့် ကြန့်ကြာနေခဲ့ပေမယ့် အခုတော့ ပထမအသုတ် စစ်လက်နက်တွေ စတင် ပေးပို့တော့မှာ ဖြစ်ပါတယ်။ အဲဒီ အချိန်နဲ့ တိုက်ဆိုင်ပြီး ဘလင်ကန်က မေလ ၁၄ ရက်နေ့မှာ ယူကရိန်းကို ကြိုတင် မကြေညာဘဲ ရောက်ရှိခဲ့တာပါ။

သူဟာ ယူကရိန်း သမ္မတ ဇီလန်စကီးနဲ့ တွေ့ဆုံမယ်လို့ ယုံကြည်ရပြီး ရုရှားရဲ့ လက်ရှိ အကဲသာနေတဲ့ စစ်ဆင်ရေးတွေနဲ့ ပတ်သက်လို့ ဘယ်လို တုံ့ပြန်မလဲ ဆိုတာတွေကိုပါ ဆွေးနွေးကြဖွယ် ရှိပါတယ်။

ဘလင်ကန်ရဲ့ ခရီးစဉ်ကို သတင်းမထုတ်ပြန်ခင်မှာ အမေရိကန် စစ်ဘက် အရာရှိ တဦးက နောက်ဆုံးအသုတ် ပေးပို့လိုက်တဲ့ လေကြောင်းကာကွယ်ရေး ဒုံးကျည်တွေ၊ လက်နက်ကြီးတွေနဲ့ တာဝေးပစ် ပဲ့ထိန်းဒုံးကျည်တွေ အပါအဝင် အမေရိကန် စစ်လက်နက်တွေရဲ့ ပထမအသုတ်ဟာ ရှေ့တန်းက ယူကရိန်းတပ်တွေဆီ စတင် ရောက်ရှိနေပြီလို့ ပြောကြားခဲ့ပါတယ်။

ဘလင်ကန်ဟာ ကိယက်ဗ်ကို လေကြောင်းခရီးစဉ်နဲ့တောင် လာရောက်ခဲ့တာ မဟုတ်ဘဲ ပိုလန် နယ်စပ်ကနေ ၉ နာရီကြာ ရထားစီးလာခဲ့တာလို့ ဆိုပါတယ်။ သူ့ရဲ့ ကိယက်ဗ် ခရီးစဉ်အတွင်း ဘလင်ကန်ဟာ အမေရိကန် အစိုးရ အနေနဲ့ စစ်ပွဲမှာ ယူကရိန်းအတွက် အစွမ်းကုန် ဆက်လက် အကူအညီ ပေးသွားမယ်ဆိုတဲ့ ကတိကဝတ် မိန့်ခွန်းကို ပြောကြားမယ်လို့လည်း ယုံကြည်ရပါတယ်။

 Ref: Time