နိုင်ငံရေးကြောင့် တိမ်းရှောင်လာရသူတွေကို နေထိုင်ခွင့် လက်မှတ်ထုတ်ပေးဖို့ တောင်းဆို

Photo _ KIC

မေ ၊ ၁၃

နိုင်ငံရေးကြောင့် ထိုင်းနိုင်ငံအတွင်းကို နယ်စပ်ဖြတ်ကျော် တိမ်းရှောင်လာရသူတွေအတွက် ထိုင်းနိုင်ငံတွင်း နေထိုင်ခွင့်ပြုတဲ့ ထော်လော် ၃၈ လက်မှတ်ကဲ့သို့ ခွင့်ပြုချက်မျိုးပေးဖို့ ထိုင်းရောက် မြန်မာ လူမှုအဖွဲ့အစည်းတွေက တောင်းဆိုမှုတွေပြုလုပ်နေကြပါတယ်။

ဒါနဲ့ပတ်သက်လို့ ထိုင်းအာဏာပိုင်တွေဘက်ကတော့ တစုံတရာမှတ်ချက်ပြုတုံ့ပြန်တာမျိုးတော့ မရှိသေးပါဘူး။

ထိုင်းနိုင်ငံဟာ ခေတ်အဆက်ဆက် မြန်မာ့နိုင်ငံရေးအကျပ်အတည်းနဲ့နှစ်ပေါင်းရ၀ ကျော်ကြာ ပြည်တွင်းစစ်ကြောင့်  မြန်မာနိုင်ငံသားတွေ တိမ်းရှောင်ရတဲ့ အဓိက နိုင်ငံဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက ၁ ရက် အာဏာသိမ်းတာနဲ့ မကြာသေးခင်က စစ်မှုထမ်းဥပဒေကြောင့် မြန်မာနိုင်ငံသားအများအပြား ထွက်ပြေးခိုလှုံရာ နေရာ လည်းဖြစ်ပါတယ်။

မကြာသေးခင်ကထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွက ထိုင်းမှာတရားဝင်နေထိုင်ခွင့်ရလက်မှတ်တမျိုး စီစဉ်ပေးဖို့တောင်းဆိုထားကြပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်က ထိုင်းနိုင်ငံတွင်းကို တရားမဝင် ဝင်ရောက်နေထိုင်သူတွေအတွက် နေထိုင်ခွင့် ခွင့်ပြုချက် ထော်လော် ၃၈ ဆိုတဲ့ စာရွက်စာတမ်း လက်မှတ်တွေထုတ်ပေးခဲ့ပါတယ်။ ထိုင်းနိုင်ငံတွင်းမှာ ထိုင်းနိုင်ငံသားမဟုတ်သူတွေ ဘယ်လောက်ရှိနေလဲဆိုတာနဲ့ ဘယ်လိုလူမျိုးတွေဖြစ်တယ်ဆိုတာကို မှတ်တမ်းတင်ထားနိုင်ဖို့အတွက် ဒီလိုစီစဉ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီနောက်မှာတော့ ဘတ်လို့ခေါ်တဲ့ အလုပ်လုပ်ကိုင်ခွင့် ပန်းရောင်ကတ်တွေလုပ်ဆောင်ကြတာများလာပြီး နေထိုင်ခွင့်ဟာ အလုပ်လုပ်ကိုင်ခွင့်နဲ့ အတူတွဲလျှက်ဖြစ်လာတာကြောင့် နေထိုင်ခွင့်သီးသန့်ရယ်လို့ သက်သေအထောက်အထား လုပ်ပေးတာမျိုးရှားပါးလာခဲ့ပါတယ်။

အဲဒီလိုတောင်းဆိုမှုနဲ့ပတ်သတ်ပြီး အဝေး‌ရောက် ဧရာဝတီဖောင်ဒေးရှင်း(OIA)၊ အထွေထွေအတွင်းရေးမှူး၊ ကိုဖိုးသင်္ကြန်ကအခုလိုပြောပါတယ်။

“ ကျွန်တော်တို့က တောင်းဆိုထားတယ်၊ ဒါပေမဲ့  သူတို့ဘက်မှာလည်း စဉ်းစားရတဲ့အခက်အခဲတွေအများကြီးရှိတယ်။ ကျွန်တော်တို့က နိုင်ငံရေးကြောင့် တိမ်း‌ရှောင်လာကြသူတွေကို စိစစ်ပြီးလုပ်ပေးပါလို့ပြောပေမယ့်လည်း တကယ်လုပ်ပြီဆိုရင် မြဝတီတမြို့လုံးက လာလုပ်ကြတော့မှာလေ …..” 

ဒီထော်လော် ၃၈ မှာ ဂဏာန်း ၁၃ လုံးပါဝင်ပြီး လက်မှတ်သက်တမ်းအလိုက် လုပ်ပိုင်ခွင့်နဲ့ ရပိုင်ခွင့်တွေတိုးလာတာကြောင့် ဆယ်နှစ်ခံလို့ခေါ်ကြတဲ့ ဧည့်နိုင်ငံသားကတ်နဲ့ သဘောတရားတူသလိုရှိပေမယ့် မတူတာတွေလည်းရှိတယ်လို့ ဆိုပါတယ်။

ဒီလက်မှတ်ဟာ နေထိုင်ခွင့်အတွက်သာဖြစ်လို့ အလုပ်လုပ်ခွင့်၊ ခရီးသွားလာခွင့်နဲ့ အခြားသော စီးပွားရေးလုပ်ကိုင်ခွင့်စတာတွေ တခုမှရရှိမှာ မဟုတ်ပါဘူး။

အဲဒါနဲ့ပတ်သတ်ပြီး FED အလုပ်သမားရေးတာဝန်ခံ ကိုမင်းဦးက အခုလိုပြောပါတယ်။

“ ဒီထော်လော် ၃၈ ဆိုတာက နည်းနည်းရှုပ်ထွေးတယ်။ သူတို့ကိုယ်တိုင်တောင်မှ ဒါကိုသေသေချာချာ ရှင်းရှင်းလင်းလင်း မဖြစ်တာတွေရှိတယ်။ ဒါကိုလုပ်ပေးမယ်ဆိုရင်တော့ အရမ်းကောင်းတာပေါ့ …..” 

မနေ့က မေလ ၁၂ ရက်မှာ ထိုင်းနိုင်ငံတော်လုံခြုံရေးကော်မရှင် နယ်စပ်ရေးရာဌာန ဥက္ကဌ Mr. Rangsiman Rome ဉီးဆောင်တဲ့အဖွဲ့ဟာ ထိုင်း-မြန်မာနယ်စပ်က ရွေ့ပြောင်းအလုပ်သမားကိစ္စ၊ မြန်မာ ဘက်ခြမ်းတိုက်ပွဲများကြောင့် စစ်ဘေးရှောင်လာကြတွေနဲ့ သတင်းအချက်အလက် ကန့်သတ်မှုများ၊ နယ်စပ်ကုန်သွယ်ရေး စိန်ခေါ်မှုတွေနဲ့ပတ်သက်လို့ မဲဆောက်က လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲကို OIA က တက်ရောက်ခွင့်ရခဲ့ပြီး နိုင်ငံရေးအခြေအနေတွေကြောင့် ရွှေ့ပြောင်းလာရတဲ့ လူအရင်းအမြစ်တွေကို စနစ်တကျအသုံးချဖို့ အတွက် ၂၀၀၅ခုနှစ်ကကဲ့သို့ နေထိုင်ခွင့် လက်မှတ်များကို အသေအချာစိစစ်ပြီးထုတ်ပေးနိုင်ရေးကို ထည့်သွင်းဆွေးနွေးတောင်းဆိုခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။