တပ်ရင်းမှူးဆိုင်ဂုံနဲ့တပ်ဖွဲ့ဝင်ခြောက်ဦးကိုစွပ်စွဲဖမ်းဆီးတဲ့ကိစ္စ NUG နဲ့ KIA ကြားဝင်ဖြေရှင်းပေးဖို့တောင်းဆို

မေ၊ ၂၄

မကွေးတိုင်း၊  သရက်ခရိုင်အတွင်း အခြေပြု လှုပ်ရှားတဲ့ မိုးကြိုးပျောက်ကျားတပ်ဖွဲ့ရဲ့ တပ်ရင်းမှူးဆိုင်ဂုံ နဲ့တပ်ဖွဲ့ဝင်ခြောက်ဦးပြည်သူ့စစ်မဟာဗျူဟာအကြံပေးဗျူရို (PMSAB)က စွပ်စွဲဖမ်းဆီးမှုကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့ ကြားဝင်ဖြေရှင်းပေးဖို့ အဲဒီတပ်ဖွဲ့ဝင်ဟောင်းတွေနဲ့ ပြည်သူ့တပ်မတော်သားဦးဆောင်အဖွဲ့ဝင်တွေကမေလ ၂၃ ရက်  မနေ့က တောင်းဆိုလိုက်ပါတယ်။

    “အဓိက က သူတို့ စစ်ဆေးမေးမြန်းတာက ပွင့်လင်းမြင်သာဖို့ လိုတယ်ဗျ။ သူတို့ မကျေပ်နပ်လို့ လူတယောက်ကို ဖမ်းဆီးထားတာလည်း ဖြစ်တယ်။ သူတို့လက်ထဲမှာလည်း ဖြစ်တော့ အမျိုးမျိုး ခြိမ်းခြောက်နိုင် တယ်။  ကျနော်တို့အနေနဲ့ကတော့ ပွင့်လင်းမြင်သာတဲ့ ဖြေရှင်းချက်တခု ရဖို့ပဲ မျှော်လင့်ပါတယ်။ ဒီလိုမှ မဟုတ်ရင် တရားမျှတမှု ရမှာ မဟုတ်ဘူးလို့ ကျနော်တို့တွေက ရဲရဲပြောရဲတယ်” လို့ လွတ်မြောက်ရေး အင်အားစုစစ်သည်များ တပ်ဖွဲ့ (WOLF) ရဲ့ ဒုတပ်ရင်းမှူး Alpha 1  က ပြောပါတယ်။

    လွတ်မြောက်ရေးအင်အားစုစစ်သည်များတပ်ဖွဲ့ဟာ အင်အား (၇၀)ကျော်ခန့်ရှိပြီး မကွေးတိုင်း၊ သရက်ခရိုင် မင်းတုန်း၊ မင်းလှနဲ့ ကံမ မြို့နယ်တွေမှာ အခြေစိုက်လှုပ်ရှားသလို ဒီနှစ်အစောပိုင်းလတွေအထိ PMSAB လက်အောက်ခံ မိုးကြိုးပြောက်ကျားတပ်ဖွဲ့ စစ်ဒေသ ၁၀၁ ရဲ့ အဖွဲ့ဝင်ဟောင်းတွေဖြစ်ပါတယ်။

တပ်ရင်းမှူးဆိုင်ဂုံဟာ စစ်အာဏာသိမ်းပြီး သုံးလ အကြာမှာ CDM ပြုလုပ်ခဲ့တဲ့ ဗိုလ်ကြီးတဦးဖြစ်ပြီး KNU တပ်မဟာ ၇ ထိန်းချုပ်နယ်မြေကို တိမ်းရှောင်ပြီးနောက် ၂၀၂၁ခုနှစ်၊ ဩဂုတ်လမှာ မကွေးတိုင်းအတွင်း ပြန်ဝင်ရောက်ပြီး မိုးကြိုးပျောက်ကျားတပ်စတင်ဖွဲ့စည်းရာမှာ ဦးဆောင်တည်ထောင်သူတဦးထဲမှာပါဝင်ပါတယ်။

PMSAB က တပ်ရင်းမှူးဆိုင်ဂုံကို စွပ်စွဲထားမှုတွေမှာ မိုးကြိုးပြောက်ကျားတပ်ဖွဲ့ရဲ့ ညွှန်ကြားချက်တွေကို မလိုက်နာမှု၊ ငွေစာရင်းရှင်းတမ်း မတင်ပြမှု၊ အဖွဲ့ဝင်အချင်းချင်း သွေးကွဲအောင် ပြုလုပ်မှု၊ တရားမဝင် လက်နက်ခဲယမ်း ရောင်းဝယ်မှု၊ သူလျှိုလုပ်မှုစတဲ့အချက်တွေအပါအဝင် ၁၃ ချက်နဲ့ စွပ်စွဲထားတာဖြစ်ပါတယ်။

PMSABအဖွဲ့ကို အမေရိကန်နိုင်ငံရောက် ၈၈ မျိုးဆက် ဦးမောင်မောင်ဝမ်း နဲ့ CDM ဆေးတပ်ဗိုလ်ကြီး မင်းမောင်မောင်တို့ကနေ ဦးဆောင်နေခြင်းဖြစ်ပြီးမိုးကြိုးပြောက်ကျားတပ်ဖွဲ့ကိုဖွဲ့စည်းတာ  CDM ဗိုလ်ကြီးဆိုင်ဂုံကို တပ်ရင်း၁၀၁တပ်ရင်းမှူးအဖြစ်တာဝန်ပေးခဲ့တာဖြစ်ပါတယ်။

အဲဒီမိုးကြိုးပြောက်ကျားတပ်ဖွဲ့မှာ အာဏာသိမ်းစစ်ကောင်စီကိုစွန့်ခွါလာတဲCDMဗိုလ်ကြီးဆိုင်ဂုံလိုစစ်သားတွေနဲ့CDMရဲတပ်ဖွဲ့ဝင်အများအပြားလည်းပါဝင်တယ်လို့သိရပါတယ်။

    တပ်ရင်းမှူးဆိုင်ဂုံနဲ့ တပ်ဖွဲ့ဝင် ခြောက်ဦးဟာ ပြည်သူ့စစ်မဟာဗျူဟာအကြံပေးဗျူရို (PMSAB) ရဲ့ စွပ်စွဲမှုတွေကို ဖြေရှင်းဖို့ မတ်လ ၂၈ ရက်မှာသွားရောက်စဉ်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထိန်းချုပ်နယ်မြေတနေရာမှာ ဧပြီလ ၁၁ ရက် ဖမ်းဆီးထိန်းသိမ်းခံရတာပါ။

 မိုးကြိုးပြောက်ကျားတပ်ဖွဲ့ဝင်ဟောင်း (၆၃)ဦးကတော့ ကိုဆိုင်ဂုံဟာ PMSAB အဖွဲ့ရဲ့ မဟုတ်မမှန် လုပ်ကြံစွပ်စွဲတိုင်ကြားမှုနဲ့ ဖမ်းဆီးခံထားရတာဖြစ်ပြီး KIA နဲ့ NUG တာဝန်ရှိသူတွေအနေနဲ့ ကြားဝင်ဖြေရှင်းပေးဖို့ မေလ ၂၂ ရက်က ဆန္ဒပြတောင်းဆိုကြပါတယ်။

မိုးကြိုးပြောက်ကျားအဖွဲ့ကို အတူဖွဲ့စည်းခဲ့ပေမယ့်  ပြည်သူ့စစ်မဟာဗျူဟာ အကြံပေးဗျူရို PMSAB ဟာ မိုးကြိုးပျောက်ကျားတပ်ဖွဲ့ကိုNUG လက်အောက်မဟုတ်ဘဲ စင်ပြိုင်တတိယအင်အားစုအဖြစ် အသွင်းပြောင်းဖို့ ကြိုပမ်းဆောင်ရွက်လာတယ်လို့လည်း ဒုတပ်ရင်းမှူး Alpha 1 က ပြောပါတယ်။

အဲ့ဒါကြောင့် တပ်ရင်းမှူး ဆိုင်ဂုံနဲ့ တပ်ဖွဲ့ဝင်တွေက အချင်းချင်းဆွေးနွေးညှိနှိုင်းပြီး အမျိုးသားညီညွတ်ရေးNUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံတပ်ဖွဲ့အဖြစ် ထမ်းဆာင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဒုတပ်ရင်းမှူး Alpha 1  က ပြောပါတယ်။

ဒါပေမယ့်အခုအချိန်ထိကြိုးပျောက်ကျားတပ်ဖွဲ့ကောလွတ်မြောက်ရေး အင်အားစုစစ်သည်များ တပ်ဖွဲ့ (WOLF) သာမက PMSAB ပါ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှာ ရှိနေတာမဟုတ်ပါဘူး။

    အဲဒီနောက် PMSAB အဖွဲ့ဟာ သူတို့နဲ့သဘောထား ကွဲလွဲတဲ့ တပ်ရင်းမှူး ဆိုင်ဂုံကို စစ်ကောင်စီဒလန်လို့ စွပ်စွဲပြီး မြေပြင်တော်လှန်ရေး အင်အားစုတွေကြား တိုက်ကြားချက်တွေ လုပ်ဆောင်ခဲ့ပါတယ်လို့ လည်း သိရပါတယ်။

 အလားတူဒီနှစ် ဇန်နဝါရီလ ၁၅ရက်မှာလည်း တပ်ရင်းမှူး ဆိုင်ဂုံကို တပ်ရင်းမှူးရာထူးကနေ ဖယ်ရှားဖို့ မင်းမင်း (ငဖဲ) ဆိုသူကို စေလွှတ်ကြိုးပမ်းခဲ့ပေမယ့်  မိုးကြိုးပျောက်ကျားတပ်ဖွဲ့ဝင်ဟောင်းတွေက လက်မခံခဲ့ဘူးလို့ သိရပါတယ်။

တဖက်မှာလည်း PMSAB အဖွဲ့ဟာ မြေပြင်အင်အားစုတွေနဲ့ NUG အစိုးရကြား သွေးကွဲစေဖို့ ပြုမှုပြောဆိုမှု၊ တော်လှန်ရေး စင်ပြိုင်အင်အားစုအဖြစ် လုပ်ဆောင်လာမှု၊ ရန်ပုံငွေအလွှဲသုံးစား လုပ်မှု စတဲ့အချက်တွေ ကျူးလွန်နေတယ်လို့ မိုးကြိုးပြောက်ကျား

၁၂တပ်ဖွဲ့ဝင်ဟောင်းတွေက စွပ်စွဲထားပြန်ပါတယ်။

 တပ်ရင်းမှူးဆိုင်ဂုံနဲ့ တပ်ဖွဲ့ဝင် ခြောက်ဦးကို KIA တပ်ဖွဲ့  G1 အဆင့်ရှိ အရာရှိတဦးရဲ့ ခွင့်ပြုချက်နဲ့ KIA ထိန်းချုပ်နယ်မြေထဲက မိုးကြိုးပျောက်ကျားတပ်ဖွဲ့ ၄၀၄ နယ်မြေမှာ ဖမ်းဆီးစစ်ဆေးနေပြီး ခုချိန်မှာ မိုးကြိုးပျောက်ကျား တပ်ဖွဲ့ဝင်ဟောင်းတွေဟာ PMSAB ရဲ့ စီးနင်းဖမ်းဆီးမှုကို ခံရမှာ စိုးတဲ့အတွက် တိမ်းရှောင်နေရတယ်လို့ ဒုတပ်ရင်းမှူး Alpha 1 က ပြောပါတယ်။

“အတွင်းသတင်းရတာ ဆိုက်ဝါးဖြစ်မလားတော့ မသိဘူးပေါ့ဗျာ။ သူတို့အနေနဲ့ ကျနော်တို့ ရှိတဲ့ နေရာကို ဝင်စီးခိုင်းမယ်ပေါ့။ တိုင်းရင်းသား လက်နက်ကိုင်တခုခုကို ပြောပြီးတော့။ ကျနော်တို့ ကိုဆိုင်ဂုံလွတ်မြောက်ဖို့ လုပ်နေတဲ့အတွက်ကြောင့်မို့လို့ ဒီကိစ္စကို ရပ်တန့်စေချင်တာကြောင့် ခြိမ်းခြောက်တဲ့ သဘောဖြစ်မယ်” လို့ သူက ပြောပါတယ်။

 မိုးကြိုးပျောက်ကျားတပ်ဖွဲ့ဝင်ဟောင်း ကိုဆိုင်ဂုံတို့နဲ့ စစ်ဆင်ရေးတွေ ပူးတွဲဆောင်ရွက်ဖူးတဲ့ သရက်ခရိုင်အတွင်း လှုပ်ရှားနေတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက တပ်ရင်းမှူးဆိုင်ဂုံကို သူလျှိုတဦးလို့ စွပ်စွဲလောက်စရာကိစ္စတွေ မရှိဘူးလို့ ပြောပါတယ်။

 “ဒလန်လို့စွပ်စွဲတာက ကျွန်တော်တို့လည်း သူတို့ အတွင်းပိုင်းကိစ္စဖြစ်တော့ သေချာမသိဘူးလို့ပဲ ပြောရမယ်။ ဒါပေမဲ့ အဲဒီအဖွဲ့ဟာ ကျနော်တို့နဲ့ မြေပြင်မှာ အတန်အသင့် နေဖူးတယ်။ အဲဒီခေါင်းဆောင်ကိုယ်တိုင်သည် ကျနော်တို့နဲ့ တွေ့ဆုံဖူးတယ်ပေါ့။ မြေပြင်မှာတော့ သူကို အဲလို စွပ်စွဲလောက်စရာ ကိစ္စမျိုးတွေ မရှိဘူး” လို့ သူက ပြောပါတယ်။

ဒါ့အပြင် တပ်ရင်းမှူး ဆိုင်ဂုံဟာ ဆက်ဆံရေး ပြေပြစ်ပြီး နယ်ခံတွေနဲ့ ပေါင်းသင်းဆက်ဆံတတ်သူတဦးဖြစ်သလို စစ်ရေးဗျူဟာတွေနဲ့ပတ်သတ်ပြီးမျှဝေတက်သူလည်းဖြစ်တယ်လို့ လက်တွဲလုပ်ကိုင်ဖူးသူအချို့ကဆိုပါတယ်။

CDM စစ်သားတွေနဲ့ဖွဲ့စည်းထားတဲ့ပြည်သူ့တပ်မတော်သား ဦးဆောင်အဖွဲ့ဝင်တွေကတော့ KIA ထိန်းချုပ်နယ်မြေအတွင် သူလျှိုအဖြစ် စွပ်စွဲ ဖမ်းဆီးခံထားရတဲ့ တပ်ရင်းမှူးဆိုင်ဂုံနဲ့တပ်ဖွဲ့ဝင် ခြောက်ဦးကို တရားမျှတ၊ ပွင့်လင်းမြင်သာစွာ စုံစမ်းဖော်ထုတ် ဖြေရှင်းပေးဖို့ KIA နဲ့ NUG အစိုးရတို့ကိုလည်း ယမန်နေ့က တောင်းဆိုထားပါတယ်။

DNAသတင်းဌာနအနေနဲ့  ကချင်လွတ်မြောက်ရေးတပ်မတော်KIA ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနတို့ကို  ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

အခုလိုတော်လှန်ရေးကာလမှာ တော်လှန်ရေးဘက်တော်သားအချင်းချင်းစွပ်စွဲပြီး တရားစီရင်တာ၊မှားယွင်းဖမ်းဆီးသတ်ဖြတ်တာ လူဆယ်နဲ့ချီရှိပြီဖြစ်ကြောင်းနဲ့ ပါဂျောင်ကိစ္စလို မဖြစ်စေလိုတဲ့အကြောင်း လည်း ပြည်သူ့တပ်မတော်သား ဦးဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဗိုလ်ကြီးညီသုတက ပြောပါတယ်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ပါဂျောင်ရွာမှာ ၁၉၉၀ ပြည့်နှစ်လွန်တွေက အဲဒီတုန်းက အာဏာသိမ်းစစ်အစိုးရကို တော်လှန်ဖို့ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF မြောက်ပိုင်းအဖွဲ့မှာဖြစ်ပွားခဲ့တဲ့ အချင်းချင်းသူလျှိုစွပ်စွဲပြီးသတ်ဖြတ်ခဲ့တာကိုရည်ညွှန်းပြောဆိုတာပါ။

“ အလားတူကိစ္စတွေ ဖြစ်ပြီးတဲ့အချိန်မှာ ကျနော်တို့ စွပ်စွဲခံရတဲ့သူကို KIA တပ်မတော် ဒါမှမဟုတ် NUG သူတို့ရဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် ရှေ့မှောက်မှာ ဒါမှမဟုတ် စုံစမ်းစစ်ဆေးရေး ကော်မတီအောက်မှာ စွပ်စွဲခံရသူကို စစ်ဆေးတာမျိုး ကျနော်တို့က တောင်းဆိုတာပါ။ ပွင့်လင်းမြင်သာမှု ရှိရှိပေါ့နော်”လို့ ပြည်သူ့တပ်မတော်သား ဦးဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဗိုလ်ကြီးညီသုတက ပြောပါတယ်။