သြစတြေးလျနိုင်ငံရှိ နိုင်ငံကူးလက်မှတ် ဖျက်သိမ်းခံရတဲ့ မြန်မာ နိုင်ငံသားတွေ ဆက်သွယ်ဖို့ NUG ကိုယ်စားလှယ်ရုံး အသိပေး

နိုဝင်ဘာ၊ ၁၅
 
ဩစတြေးလျနိုင်ငံမှာ ရောက်နေပြီး နိုင်ငံကူးလက်မှတ် ဖျက်သိမ်းခံထားရတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေနဲ့အတူ ဆက်သွယ်အကြောင်းကြားကြဖို့ အဲဒီနိုင်ငံက NUG ကိုယ်စားလှယ်ရုံးက မနေ့က ထုတ်ပြန်ထားပါတယ်။
 
စစ်ကောင်စီလက်အောက်ခံ သံရုံးတွေက မြန်မာနိုင်ငံသားတွေရဲ့ နိုင်ငံကူးလက်မှတ်တွေကို ဖျက်သိမ်းနေတာတွေနဲ့ ပတ်သက်လို့ စာရင်းပြုစုနေတယ်လို့ ဩစတြေးလျနိုင်ငံ NUG ကိုယ်စားလှယ်ရုံးက ဆိုပါတယ်။
 
“ ကိုယ်တိုင်တော့ မကြုံရသေးဘူး၊ သက်တမ်းကလည်း ကျန်သေးတော့လေ၊ တချို့ မြန်မာ့အရေးလှုပ်ရှားသူတွေ ပတ်စ်ပို့ သက်တမ်းတိုး မရတော့ဘူးဆိုတာတွေတော့ ကြားနေရတယ် ” လို့ သြစတြေးနိုင်ငံရောက် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားနေသူတဦးက ပြောပါတယ်။
 
NUG ကိုယ်စားလှယ်ရုံးအနေနဲ့ စာရင်းကောက်ယူမှုတွေ လုပ်ပြီး အဲဒီလို နိုင်ငံကူးလက်မှတ် ဖျက်သိမ်းခံရသူတွေကို ဘယ်လိုဆောင်ရွက်ပေးမယ်ဆိုတာကိုတော့ ရှင်းလင်းအသိပေးထားတာ မရှိပါဘူး။
 
သြစတြေးလျအစိုးရဟာ မြန်မာ့အာဏာရှင်ဆန့်ကျင်ရေးကို ထောက်ခံမှု ပေးထားတာကြောင့် NUG အနေနဲ့ ပတ်စ်ပို့သက်တမ်း ကုန်သူတွေနဲ့ပတ်သက်လို့ အဲဒီနိုင်ငံအစိုးရရဲ့အသိအမှတ်ပြုမှု အကူအညီ ရယူနိုင်ဖွယ် ရှိတယ်လို့ ဩစတြေးလျရောက် မြန်မာနိုင်ငံသားတချို့က ယူဆထားပါတယ်။
 
ဒီကိစ္စနဲ့ပတ်သက်လို့ NUG အစိုးရရဲ့ သြစတြေးလျနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေကို ဆက်သွယ်မေးမြန်းပေမယ့် အကြောင်းမပြန်သေးပါဘူး။
 
နိုင်ငံကူးလက်မှတ် ဖျက်သိမ်းခံထားရသူတွေအနေနဲ့ အမည်၊ နိုင်ငံကူးလက်မှတ်အမှတ်၊ နိုင်ငံကူးလက်မှတ် သက်တမ်းကုန်ဆုံးတဲ့ နေ့ရက်၊ နိုင်ငံကူးလက်မှတ် ဖျက်သိမ်းခံရစဉ် နေထိုင်ရာ နိုင်ငံ အစရှိတဲ့ အချက်အလက်တွေကို အမြန်ပေးပို့ အကြောင်းကြားပေးဖို့ NUG ကိုယ်စားလှယ်ရုံးက အသိပေးတိုက်တွန်းထားပါတယ်။
 
မကြာသေးခင်ကတော့ စင်ကာပူရောက် မြန်မာ့အရေးလူပ်ရှားသူတချို့ နိူင်ငံကူးလက်မှတ် သက်တမ်းတိုး မရတော့တဲ့ ဖြစ်ရပ်တွေ ရှိခဲ့သလို ထိုင်း၊ မလေးရှား၊ တောင်ကိုရီးယား၊ ဂျပန်၊ ယူအေအီးရောက် မြန်မာ့အရေး လှုပ်ရှားနေတဲ့ နိုင်ငံသားတချို့လည်း စစ်ကောင်စီသံရုံးရဲ့ စောင့်ကြည့်ခံရတာ၊ အမည်ပျက်စာရင်း သွင်းခံထားရတာတွေ ရှိနေတယ်လို့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေက ပြောပါတယ်။
 
“ စစ်ကောက်စီဒေါက်တိုင် သံရုံးတွေက အခုထိ စစ်ကောင်စီ သြဇာခံပြီး နှိပ်ကွပ်နေတုန်းပဲ၊ ဒီလူတွေက တော်လှန်ရေးပြီးရင် လုပ်ခဲ့တဲ့ လုပ်ရပ်တွေအတွက် ပြန်ပေးဆပ်ကြရမယ် ” လို့ တောင်ကိုရီးယားရောက် မြန်မာ့အာဏာရှင်ဆန့်ကျင်ရေး လုပ်ဆောင်နေသူတဦးက ပြောပါတယ်။
 
တောင်ကိုရီးယားနိုင်ငံအစိုးရကတော့ မြန်မာပြည်အရေးကို စာနာတဲ့အနေနဲ့ မြန်မာနိုင်ငံသားတွေကို ပတ်စ်ပို့ သက်တမ်းကုန်လည်း မြန်မာနိုင်ငံတည်ငြိမ်တဲ့အချိန်အထိ အထူးနေထိုင်ခွင့်ဗီဇာ G1-99 လျှောက်ထားနေထိုင် ခွင့်ပြုထားတာကြောင့် အခက်အခဲကြီးကြီးမားမား မရှိကြဘူးလို့ သူကဆိုပါတယ်။
 
ဒါပေမယ့် တခြားသော ပြည်ပနိုင်ငံတွေက မြန်မာ့အရေးလှုပ်ရှားသူတွေအနေနဲ့တော့ စစ်ကောင်စီသံရုံးနဲ့ ကင်းလို့မရသေးတဲ့ အခြေအနေကြောင့် လှုပ်ရှားမှုတွေကို ပေါ်ပေါ်ထင်ထင်လုပ်ဖို့ ခက်လာတယ်လို့ ဒူဘိုင်းရောက် မြန်မာနိုင်ငံသားတဦးက ပြောပါတယ်။
 
ပြည်ပရောက် မြန်မာနိုင်ငံသား အများစုဟာ တော်လှန်ရေးအတွက် ထောက်ပို့ငွေ ​ရှာဖွေရေးနဲ့ သက်ဆိုင်ရာ နိုင်ငံအလိုက် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမူတွေမှာ တက်တက်ကြွကြွ ပါဝင်နေကြပြီး အဲဒီအထဲက ထင်ရှားသူတွေကို စစ်ကောင်စီက ဦးတည်ဖိနှိပ်မှုတွေ လုပ်နေတယ်လို့ ဆိုကြပါတယ်။
 
ဓာတ်ပုံ – AP