ဂါဇာရဲ့ အကြီးဆုံး ဆေးရုံကို ပစ်မှတ်ထားပြီး အစ္စရေး စစ်တပ် စစ်ဆင်ရေး ဆောင်ရွက်

နိုဝင်ဘာ၊ ၁၅

ဂါဇာ ကမ်းမြှောင်ဒေသရဲ့ အကြီးဆုံး ဆေးရုံကြီးကို တိတိကျကျ ဦးတည်တဲ့ စစ်ဆင်ရေး တရပ်ကို အစ္စရေးက ဆင်နွှဲနေပါတယ်။

နိုဝင်ဘာ ၁၅ ရက် မနက်ပိုင်းကစလို့ အစ္စရေး တပ်တွေဟာ အယ်လ်ရှီဖာ ဆေးရုံကို ပိတ်ဆို့ဝန်းရံပြီး ဖြည်းဖြည်းချင်း ရှေ့တိုး ချီတက်လာနေပါတယ်။ အဲဒီ ဆေးရုံမှာ ထောင်နဲ့ချီ များပြားတဲ့ ပါလက်စတိုင်း အရပ်သားတွေ ခိုလှုံနေတယ်လို့ ယုံကြည်ရပါတယ်။

အစ္စရေးရဲ့ ဘက်ပေါင်းစုံ ပိတ်ဆို့မှုတွေကြောင့် ဆေးရုံမှာ ဆေးဝါးနဲ့ လောင်စာဆီတွေ ပြတ်တောက်ပြီး ပုံမှန် လုပ်ငန်း မလည်ပတ်နိုင်တာ သီတင်းပတ်တွေနဲ့ချီ ကြာမြင့်ခဲ့ပြီးပါပြီ။ အစ္စရေး စစ်တပ် ချဉ်းကပ်လာချိန် ဆေးရုံမှာ လူနာတွေ၊ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ စစ်ရှောင်တွေ ရှိနေပြီး ဆိုးရွားတဲ့ အကျိုးဆက်တွေ ပေါ်ပေါက်လာမှာကို စိုးရိမ်နေရပါတယ်။

အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာနကတော့ ဒီစစ်ဆင်ရေးဟာ ဆေးရုံကို တိုက်ခိုက်တာ မဟုတ်ဘဲ ရန်သူ ဟားမားစ် စစ်သွေးကြွ ခေါင်းဆောင်တွေ ခိုအောင်းနေတယ်လို့ ယုံကြည်ရတဲ့ အပိုင်းကိုသာ ပစ်မှတ်ထားတာလို့ ထုတ်ပြန်ထားပါတယ်။ အစ္စရေးရဲ့ မဟာမိတ် အမေရိကန်ကလည်း ဟားမားစ်တွေဟာ အယ်လ်ရှီဖာ ဆေးရုံ မြေအောက်ခန်းတွေကို စစ်ရေး ကွပ်ကဲမှု ဌာနနဲ့ လက်နက်သိုလှောင်ရုံတွေအဖြစ် အသုံးချနေတယ်လို့ ယုံကြည်ရကြောင်း ထောက်ခံ ပြောဆိုခဲ့ပေမယ့် ဆေးရုံကို ဦးတည်တဲ့ စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး သတိကြီးကြီး လုပ်ဆောင်ဖို့တော့ အစ္စရေး စစ်တပ်ကို သတိပေးထားပါတယ်။

ဆေးရုံက ဆရာဝန်တွေနဲ့ ဟားမားစ်တွေကတော့ အယ်လ်ရှီဖာမှာ လက်နက်တွေနဲ့ ဟားမားစ် ခေါင်းဆောင်တွေ ရှိနေတယ်ဆိုတဲ့ အစ္စရေး စွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။

စစ်ပွဲတွေမှာ ဆေးရုံတွေကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းဟာ စစ်ရာဇဝတ်မှုကို အတိအလင်း ကျူးလွန်တဲ့ အဓိပ္ပါယ် ဖြစ်ပေမယ့် အစ္စရေးကတော့ အယ်လ်ရှီဖာဟာ ဆေးရုံတခု မဟုတ်ဘဲ ရန်သူ့ စစ်ရေး ကွပ်ကဲမှုဌာန တခုသာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

ဆေးရုံရဲ့ တာဝန်ကျ ဆရာဝန် တဦးကတော့ အစ္စရေး စစ်တပ်ဟာ ဆေးရုံမှာ စစ်ဆင်ရေး လုပ်မယ်ဆိုတာ မိနစ် ၃၀ ပဲ ကြိုတင် သတိပေးခဲ့တယ်လို့ ပြောပါတယ်။ အပြင်ဖက် နေရာအနှံ့မှာ တင့်ကားတွေ၊ သံချပ်ကာယာဉ်တွေ ရွေ့လျားတဲ့ အသံတွေ ဆူညံနေပြီး စိတ်အေးအေးထားဖို့ လူနာတွေကို ကျန်းမာရေး ဝန်ထမ်းတွေက လိုက်လံ နှစ်သိမ့်နေရတယ်လို့ သူက ဆိုပါတယ်။

အခုသီတင်းပတ် အစောပိုင်းမှာလည်း အစ္စရေး စစ်တပ်ဟာ ဂါဇာမှာရှိတဲ့ နာတာရှည် ကလေးဆေးရုံ တခုကို စီးနင်းခဲ့ပြီး ဆေးရုံရဲ့ မြေအောက်ခန်းတွေမှာ ဟားမားစ်တွေက စစ်အခြေစိုက် စခန်းနဲ့ လက်နက် သိုလှောင်ရုံအဖြစ် အသုံးချထားတဲ့ အထောက်အထားတွေကို ထုတ်ဖော် ပြသခဲ့ပါတယ်။

 

Ref: CNN