ကလေးနှစ်ဦး သေဆုံးခဲ့တဲ့ အီရန် လေကြောင်းတိုက်ခိုက်မှုကို ပါကစ္စတန် ပြင်းပြင်းထန်ထန် ကန့်ကွက်

ဇန်နဝါရီ၊ ၁၇

ပါကစ္စတန် ပိုင်နက်ထဲမှာ အီရန်ရဲ့ တိုက်ခိုက်မှု တခုကြောင့် ကလေးနှစ်ဦး သေဆုံးခဲ့တဲ့အပေါ် ပါကစ္စတန် အစိုးရက ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။

ဇန်နဝါရီ ၁၆ ရက်က ဂျိုက်ရှ်အယ်အဒဲလ် စစ်သွေးကြွ အဖွဲ့ရဲ့ စခန်းတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း အီရန်က ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ ပါကစ္စတန်ကတော့ အဲဒီ လုပ်ရပ်ဟာ ပါကစ္စတန် လေပိုင်နက်ကို ထိပါးကျူးကျော်မှုအဖြစ် ဝေဖန်ခဲ့သလို အီရန်ရဲ့ တိုက်ခိုက်မှုမှာ အပြစ်မဲ့ ကလေးငယ်နှစ်ဦး သေဆုံးပြီး အရပ်သား သုံးဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သွားပါတယ်။

အီရန် အစိုးရ မီဒီယာ တခုက အဲဒီ တိုက်ခိုက်မှု သတင်းကို ဖော်ပြပြီး နောက်ပိုင်းမှာ ပြန်လည် ပယ်ဖျက်သွားခြင်းကလည်း ရှုပ်ထွေးတဲ့ အခြေအနေတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒါပေမဲ့ နျူကလီးယား လက်နက်ပိုင် နိုင်ငံတခုဖြစ်တဲ့ ပါကစ္စတန်က အီရန်ရဲ့ တိုက်ခိုက်မှုဟာ ပါကစ္စတန် ပိုင်နက်ထဲကို ပစ်မှတ်ထားခဲ့တာ ဖြစ်တယ်လို့ အတိအလင်း ပြောကြားခဲ့ပါတယ်။  

အီရန်နဲ့ ပါကစ္စတန်တို့ဟာ သံတမန် ဆက်ဆံရေး ဆက်လက် ထိန်းသိမ်းထားပေမယ့်လည်း ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အပြန်အလှန် သံသယ ကြီးကြီးမားမားနဲ့ စောင့်ကြည့်တဲ့ အခြေအနေတွေ ရှိခဲ့ပါတယ်။ ပါကစ္စတန် ပိုင်နက်ထဲမှာ မတိုက်ခိုက်ခင် နာရီပိုင်းမှာတင် အီရန်ဟာ အီရတ်နဲ့ ဆီးရီးယား ပိုင်နက်ထဲက စစ်သွေးကြွ ပစ်မှတ် စခန်းတွေကို တိုက်ခိုက်ခဲ့ပါသေးတယ်။

အခုလုပ်ရပ်မျိုးတွေဟာ လက်ရှိ အရှေ့အလယ်ပိုင်း ဒေသမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ပိုမို ကျယ်ပြန့်သွားစေနိုင်တယ်လို့ ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ နောက်ပြီး ပါကစ္စတန်ရဲ့ အချုပ်အခြာ အာဏာ ပိုင်နက်ကို ထိပါးတဲ့ လုပ်ရပ်မျိုးကို လုံးဝ လက်မခံနိုင်ကြောင်းနဲ့ အကျိုးဆက်တွေကို မျှော်လင့်ထားသင့်ကြောင်းလည်း အီရန်ကို သတိပေးသွားပါတယ်။

အီရန်ကတော့ အခုလဆန်းပိုင်းက ဖြစ်ပွားတဲ့ အသေခံ ဗုံးခွဲတိုက်ခိုက်မှု နှစ်ခုကြောင့် လူပေါင်း ၉၀ ကျော် သေဆုံးခဲ့တဲ့ ကိစ္စကို တုံ့ပြန်တဲ့ အနေနဲ့ စစ်သွေးကြွ အကြမ်းဖက် အဖွဲ့အစည်းတွေရဲ့ စစ်စခန်းတွေကို လက်တုံ့ပြန် တိုက်ခိုက်တာလို့ အကြောင်းပြထားပါတယ်။

အစိုးရပိုင် IRNA သတင်းဌာနက ပါကစ္စတန်မှာ လုပ်ဆောင်တဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း အီရန် တော်လှန်ရေး အစောင့်တပ်ရဲ့ ဒုံးကျည်တွေနဲ့ ဒရုန်းတွေကို အသုံးပြုခဲ့တယ်လို့ ဖော်ပြသွားပါတယ်။ အီရန်က ပစ်မှတ်ထားခဲ့တယ်ဆိုတဲ့ ဂျိုက်ရှ်အယ်အဒဲလ်ကို ၂၀၁၂ တုန်းက ပါကစ္စတန်နဲ့ နယ်စပ်နားမှာ စတင် ထူထောင်ပြီး ဆွန်နီ မွတ်ဆလင် အစွန်းရောက် အကြမ်းဖက် အဖွဲ့တခုအဖြစ် ရပ်တည်လာခဲ့ပါတယ်။ အဲဒီအဖွဲ့ဟာ အရင်ကလည်း အီရန် နယ်ခြားစောင့် ရဲတပ်ဖွဲ့ကို ဗုံးခွဲ တိုက်ခိုက်တာ၊ ပြန်ပေးဆွဲတာမျိုး လုပ်ရပ်တွေ ကျူးလွန်တာကို အတည်ပြု ထုတ်ပြန်ခဲ့ဖူးပါတယ်။   

 

Ref: SCMP