မတ္တရာ သဖန်းဒေါင့်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့လို့ နေအိမ်ငါးလုံးကျော် ပြာကျ

ဇန်နဝါရီ၊ ၁၇
 
မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အနောက်ခြမ်း သဖန်းဒေါင့်ကျေးရွာကို စစ်အုပ်စုက မနေ့က ညနေပိုင်းမှာ စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းပြီး အကြောင်းမဲ့ မီးရှို့ခဲ့လို့ နေအိမ်ငါးလုံးထက်မနည်း ပျက်ဆီးသွားတယ်လို့ ဒေသခံတွေကထံက သိရပါတယ်။
 
“ ကျနော်တို့ ရွာထဲဝင်မီးငြိမ်းတော့ကို အိမ်ငါးလုံး ပြာကျသွားတာ တွေ့ခဲ့ရတယ်။ အကုန်လုံးက အိမ်ကြီးအိမ်ကောင်းတွေ ပါသွားတယ်။ နောက်ပိုင်း သူတို့ (စစ်တပ်)ပြန်ဝင်လာတယ် ကြားလို့ ပြန်ထွက်လာခဲ့လိုက်တာပါ “ လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတဦးက ပြောပါတယ်။
 
မနေ့က ဇန်နဝါရီ ၁၆ ရက် နေ့လယ် (၁)နာရီလောက်မှာ မတ္တရာနယ် အနောက်ခြမ်း ဧရာဝတီမြစ်ကမ်းဘေးရှိ သုံးဆယ်ပေ ကျေးရွာမှာ အထိုင်ချနေတဲ့ စစ်ကောင်စီတပ်အင်အား တရာလောက်နဲ့ သဖန်းဒေါင့်ကျေးရွာကို ဝင်ရောက်ခဲ့ပြီးနောက် ညနေ ၃ နာရီကျော်လောက်မှာ ရွာကိုမီးစတင်ရှို့ခဲ့တာလို့ သူကဆိုပါတယ်။
 
ရွာကို စစ်ကောင်စီတပ် ဝင်ရောက်လာတဲ့ သတင်းကြောင့် ဒေသခံတွေအားလုံးနီးပါး ထွက်ပြေးခဲ့ရပြီး တိုက်ပွဲတစုံတရာဖြစ်ပွါးတာ မရှိဘဲ အကြောင်းမဲ့မီးရှို့သွားတာလ်ို့ သူကဆိုပါတယ်။
 
“ တော်လှန်ရေးအဖွဲ့တွေနဲ့ ထိတွေ့တာမျိုး မရှိဘူးဗျ။ သူတို့ ရှို့ပြီး ညပိုင်းပြန်ထွက်သွားတယ်။ အခု သုံးဆယ်ပေဖက်မှာ တပ်ထိုင်ပြီး နေတယ်လို့ကြားတယ်။ ရွာသားတွေကတော့ အနားပြန်မကပ်ရဲသေးဘူး “ လို့ သူကဆိုပါတယ်။
 
မတ္တရာမြို့နယ် အနောက်ခြမ်း ဧရာဝတီမြစ်ကမ်းဘေး အနီးနားရှိ ကျေးရွာတွေကို စစ်ကောင်စီ တပ်တွေက ဒီလ ၃ ရက်လောက်ကစပြီး စစ်ကြောင်းထိုးကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ မြို့နယ် အခြေစိုက် တော်လှန်ရေးအင်အားစုတွေက ဆိုပါတယ်။
 
ဒီလ အစောပိုင်းအတွင်း မတ္တရာမြို့နယ် ဆောက်ချုံပေါက်၊ ဆူးလေကုန်း၊ သနပ်ကုန်း နဲ့ သဖန်းဒေါင့် ရွာက နေအိမ်တွေ မီးရှို့ဖျက်ဆီးခဲ့ပြီး အရပ်သားပိုင်ပစ္စည်းတွေကိုလည်း ယူသွားတယ်လို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
 
“ သုံးဆယ်ပေ နားက ကုန်းတန်ကြီးတို့၊ ကုန်းတန်းလေးတို့ဖက်မှာ လက်နက်ကြီး တပ်ဆင်ထားပြီး စစ်ကြောင်းထိုးတာတွေ လုပ်နေတာပါ။ အဲ့နားကလူတွေလည်း အခုရက်ပိုင်းရှောင်နေကြရတယ် “ လို့ သူကဆိုပါတယ်။
 
စစ်ကောင်စီတပ်ဟာ မတ္တရာမြို့နယ် အနောက်ခြမ်းကို နယ်မြေရှင်းလင်းရေး လုပ်နေတာဖြစ်ပြီး အဲဒီစစ်ကြောင်းတွေကို ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်တာ၊ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်တာတွေအပြင် ခြုံခိုတိုက်ခိုက်တာတွေကိုလည်း လုပ်နေတယ်လို့ သူကဆက်ပြောပါတယ်။
 
အဲဒီလို စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးနေမှုတွေအပြင် တိုက်ပွဲတွေကြောင့် မတ္တရာမြို့အနောက်ခြမ်းရှိ ကျေးရွာအများစုက ဒေသခံတွေဟာ ဧရာဝတီမြစ်လယ်က ရေလယ်ကျွန်းတွေပေါ်ကို စစ်ဘေးရှောင်နေရတာရှိသလို မြို့ပေါ်က နီးစပ်ရာ ဆွေမျိုးတွေဆီ သွားရောက်နေထိုင်တာလည်း ရှိတယ်လို့ သိရပါတယ်။
 
ဓာတ်ပုံ – Wetlet Information Network