ပခုက္ကူအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင် ရှစ်ဦး စစ်ကောင်စီထံလက်နက်ချ

မေ၊ ၂၇
 
မကွေးတိုင်း၊ ပခုက္ကူမြို့နယ် အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့နှစ်ခုက တပ်ဖွဲ့ဝင် စုစုပေါင်းရှစ်ဦးဟာ သေနတ် လေးလက်၊ ငွေကျပ် သိန်းနှစ်ထောင်ကျော်နဲ့အတူ စစ်ကောင်စီထံ အညံ့ခံခိုလှုံခဲ့တယ်လို့ အဲ့ဒီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ပြန်ကြားရေးတာဝန်ခံက DNA ကိုပြောပါတယ်။
ပခုက္ကူမြို့နယ်အခြေစိုက် Defence Team Pakokku အဖွဲ့ခေါင်းဆောင် အောင်သူ (ခ) Snakeအပါအဝင် အဲ့ဒီတပ်ဖွဲ့ဝင်လေးဦး၊ Earthquake Defense Force အဖွဲ့က တိုက်ခိုက်ရေးခေါင်းဆောင် အပါအဝင်လေးဦးဟာ လက်နက်၊ ငွေသားတွေနဲ့အတူ ပြီးခဲ့တဲ့ ဧပြီလနဲ့ အခုလအတွင်း စစ်ကောင်စီတပ်ဆီ လက်နက်ချအညံ့ခံခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီတော်လှန်ရေးတပ်ဖွဲ့ဝင်ရှစ်ဦးအနက် Defence Team Pakokku အဖွဲ့ခေါင်းဆောင် အောင်သူ (ခ) Snakeဟာ တော်လှန်ရေးရန်ပုံငွေရှားပါးမှုကို အကြောင်းပြုပြီး စစ်ကောင်စီနဲ့ ဆက်နွယ်တယ်လို့ ယူဆရသူတွေကို ဖမ်းဆီးငွေတောင်းတာ၊ ပြန်ပေးဆွဲတာတွေကို လုပ်ခဲ့တယ်လို့လည်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲ့ဒီလိုလုပ်ဆောင်မှုတွေဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ မူဝါဒတွေ၊ စစ်သည်တော်တွေ လိုက်နာစောင့်ထိန်းရမယ့်ကျင့်ဝတ်နဲ့ မကိုက်ညီတာ၊ တော်လှန်ရေးပုံရိပ်ကျဆင်းစေတာ စတာတွေကြောင့် မြို့နယ်ပကဖနဲ့ တော်လှန်ရေးအင်အားစုတွေက သတိပေးပြီး ဖြေရှင်းချက်တောင်းခံခဲ့ပေမယ့် တာဝန်ယူဖြေရှင်းမှုမရှိဘဲ စစ်ကောင်စီထံ လက်နက်ချအညံ့ခံခဲ့တာလို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။
အဖွဲ့ခေါင်းဆောင် အောင်သူ (ခ) Snake အပါအဝင် Defence Team Pakokku အဖွဲ့ဝင်လေးဦးဟာ ပြီးခဲ့တဲ့ ဧပြီလအတွင်း စစ်ကောင်စီထံ လက်နက်ချချိန်မှာ မောင်းပြန်သေနတ်နှစ်လက်၊ ကျပ်သိန်းလေးရာနဲ့ ခဲယမ်းမီးကျောက်တွေကိုပါ ယူသွားတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် အောင်သူ (ခ) Snake ရဲ့ ဆက်သွယ်စည်းရုံးမှုတွေကြောင့် Earthquake Defense Force တိုက်ခိုက်ရေးခေါင်းဆောင်အပါအဝင် လေးဦးဟာလည်း အခုလ (၂၅)ရက်မှာ မောင်းပြန်သေနတ်နှစ်လက်၊ ငွေကျပ်သိန်းနှစ်ထောင်ဝန်းကျင်တို့နဲ့အတူ စစ်ကောင်စီထံ ထပ်မံလက်နက်ချခဲ့တယ်လို့ ဆက်လက်ဖော်ပြထားပါတယ်။
အဲ့ဒီအချက်တွေနဲ့ပတ်သက်လို့ DNA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။ စစ်ကောင်စီထံ လက်နက်ချခဲ့တဲ့ Earthquake Defense Force အဖွဲ့ဝင်လေးဦးထဲက တဦးဖြစ်တဲ့ တိုက်ခိုက်ရေးခေါင်းဆောင် အာကာစိုးမြင့် (ခ) တွတ်ပီ ဆိုသူကတော့ သူတို့အနေနဲ့ အလင်းဝင်ခဲ့တာမှန်ပေမယ့် ပကဖအဖွဲ့က စွပ်စွဲထားသလို ငွေကျပ်သိန်းနှစ်ထောင်ကိုပါ ယူသွားတယ်ဆိုတာကတော့ မဟုတ်ဘူးလို့ ပခုက္ကူ (ပကဖ)ရဲ့ ထုတ်ပြန်ချက်မှာ မှတ်ချက်ဝင်ရောက်ရေးသားထားတာ တွေ့ရပါတယ်။
စစ်ကောင်စီထံ အလင်းဝင်ခဲ့တဲ့ အဲဲ့ဒီတော်လှန်ရေးတပ်ဖွဲ့ဝင်ရှစ်ဦးကိုတော့ DNA အနေနဲ့ ဆက်သွယ်လို့ မရသေးပါဘူး။
ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)အနေနဲ့ အခုလို စစ်ကောင်စီထံ လက်နက်၊ ငွေသားတွေနဲ့အတူ လက်နက်ချအညံ့ခံခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ရှစ်ဦးကို အရေးယူသွားမှာဖြစ်တယ်လို့ ပြန်ကြားရေးတာဝန်ခံက DNAကိုပြောပါတယ်။
 
” ဟုတ်ကဲ့၊ တိုင်း၊ ခရိုင် အဆင့်ဆင့်ညွှန်ကြားတဲ့အတိုင်း ကျွန်တော်တို့ အရေးယူဆောင်ရွက်သွားမှ ပါ ” လို့ သူကပြောပေမယ့် ဘယ်လိုအရေးယူမှုမျိုး လုပ်မယ်ဆိုတာကိုတော့ ဖြေကြားတာမရှိပါဘူး။
လက်ရှိမှာလည်း ပခုက္ကူမြို့နယ်အတွင်း စစ်ကောင်စီဘက်က စစ်ကြောင်းထိုးနေမှုရှိနေတာကြောင့် လက်နက်ချအညံ့ခံခဲ့သူတွေရဲ့ လက်ထောက်ချမှုကြောင့်ဖြစ်နိုင်တယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
အခုလို ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်ရှစ်ဦးအထိ လက်နက်ချအညံ့ခံသွားတာကြောင့် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အခြေပြုစခန်းတွေ သတင်းပေါက်ကြားနိုင်တဲ့အတွက် လိုအပ်တဲ့ပြင်ဆင်မှုတွေ ပြုလုပ်ပြီး ရှောင်ရှားကြဖို့ ပခုက္ကူ (ပကဖ)က သတိပေးထားပါတယ်။
 
ဓာတ်ပုံ – Google