မိုးဗြဲမှာ လက်နက်ကြီးကျည်ထိလို့ သုံးနှစ်ခွဲအရွယ်ကလေးတဦး သေဆုံး

မေ၊ ၂၇
 
စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတဲ့ ရှမ်း-ကယား (ကရင်နီ) နယ်စပ် မိုးဗြဲမြို့မှာ ဒီကနေ့ညနေပိုင်းက လက်နက်ကြီးကျည်ထိလို့ သုံးနှစ်ခွဲအရွယ်ကလေးတဦး သေဆုံးသွားတယ်လို့ Mobye Resuce Team က ထုတ်ပြန်ပါတယ်။
 
ဒီကနေ့ညနေ ငါးနာရီမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် မိုးဗြဲမြို့ စည်ကားရပ်ကွက် (၃)ရပ်ကွက်ထဲ လက်နက်ကြီးကျည်တွေကျပြီး နေအိမ်မှာရှိနေတဲ့ ကလေးတဦး သေဆုံးခဲ့တာလို့ သိရပါတယ်။
 
လက်နက်ကြီးကျည်ထိတဲ့ သုံးနှစ်ခွဲအရွယ်မိန်းကလေးဟာ ဘယ်ဖက်ရင်ဘတ်ပွင့်ထွက်ဒဏ်ရာ ရရှိခဲ့တာကြောင့် Mobye Resuce Team က သွားရောက်ကုသပေးခဲ့ပေမယ့် ဒဏ်ရာပြင်းထန်လို့ သေဆုံးသွားတယ်လို့ ဆိုပါတယ်။
 
စစ်ကောင်စီကို ခုခံတော်လှန်တိုက်ခိုက်မှုအားကောင်းတဲ့ ကရင်နီဒေသအတွင်းမှာ လူနေရပ်ကွက်တွေနဲ့ စစ်ရှောင်စခန်းတွေမှာ လက်နက်ကြီးကျည်ကျတာနဲ့ လေကြောင်းကဗုံးကြဲတိုက်ခိုက်ခံရတာတွေ မကြာခဏဖြစ်လေ့ရှိပါတယ်။
 
မိုးဗြဲမြို့မှာတော့ ဒီကနေ့မနက်ပိုင်းက စစ်အုပ်စုတပ်စွဲတဲ့နေရာတွေကို ကရင်နီဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေက တပြိုင်တည်းတိုက်ခိုက်ခဲ့တာကြောင့် မနက်ငါးနာရီကနေ ခုနစ်နာရီဝန်းကျင်အထိ နှစ်ဘက်တိုက်ပွဲတွေ ဖြစ်ခဲ့ပါသေးတယ်။
 
အဲ့ဒီတိုက်ပွဲတွေဖြစ်နေချိန်နဲ့ တိုက်ပွဲအပြီးမှာ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောထားပါတယ်။
 
တိုက်ပွဲအတွင်း နှစ်ဘက်သေဆုံးထိခိုက်မှုတွေကိုတော့ မသိရသေးပါဘူး။ 
ဓာတ်ပုံ – Mobile Rescue Team