လုပ်ငန်းရှင်တွေဆီက အခွန်စတင်ကောက်ခံတော့မယ်လို့ ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အသိပေး

မေ၊ ၂၇
 
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းက လုပ်ငန်းရှင်တွေအနေနဲ့ လာမယ့်ဇွန်လဆန်းကစလို့ အခွန်စတင်ပေးဆောင်ရမှာဖြစ်ပြီး အခွန်ရှောင်တဲ့ လုပ်ငန်းရှင်တွေကိုတော့ ကလေးမြို့နယ်အတွင်းမှာသာမက တခြားနယ်မြေတွေမှာပါ ဖြန့်ဖြူးရောင်းချခွင့်ပေးမှာမဟုတ်ဘူးလို့ အဲ့ဒီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
 
“ စစ်တပ်ထုတ်ကုန်ဆိုရင် ကျွန်တော်တို့က အခွန်လည်းမဆောင်(ရ)ဘူး၊ အခွန်ဆောင်လည်း မရဘူး အကုန်ဖမ်းမှာပေါ့နော်၊ အဓိကက စစ်တပ်ထုတ်ကုန်မဟုတ်တဲ့ဟာတွေအတွက် လုပ်ငန်းရှင်တွေ အခွန်ဆောင်ဖို့ကို ပြောတာပါ ” လို့ ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။
 
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ မြို့နယ်အဆင့် အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ဖို့အတွက် လူထုကို ဝန်မပိစေဘဲ လုပ်ငန်းရှင်ကြီးတွေကို အဓိကထားတဲ့ အခွန်စနစ်နဲ့ ဆောင်ရွက်နေပြီး အခုလနောက်ဆုံးပတ်ကနေ နောက်လဆန်းအထိ ပညာပေးကာလ ဆယ်ရက်ပြီးတာနဲ့ အခွန်စတင်ကောက်ခံမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
အဲ့ဒီပညာပေးကာလဟာ မနေ့ကစတင်ခဲ့တာဖြစ်ပြီး လာမယ့်လ လေးရက်အထိ ဆယ်ရက်သတ်မှတ်ထားပါတယ်။ လက်ရှိမှာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ အခွန်နဲ့ဆိုင်တဲ့ အသိပညာပေးမှုတွေကို လူမှုကွန်ရက်နဲ့ မြေပြင်ဒေသတွင်းမှာ ဖြန့်ဝေအသိပေးနေတယ်လို့ ဆိုပါတယ်။
 
“ ထားပါတော့ဗျာ ဓာတ်ဆီဖြစ်ဖြစ်၊ ကုန်ပစ္စည်းတခုဖြစ်ဖြစ် ကလေးမြို့ထဲဝင်လာတယ်ဆိုရင် ဘယ်ကဝင်လာလဲ၊ လမ်းကြောင်းရှိမှာပေါ့ဗျာ၊ ကျွန်တော်တို့က ပြည်သူတွေဝယ်နေတဲ့ အသေးအဖွဲကို လိုက်ဖမ်းနေတာမဟုတ်ဘူး၊ ထားပါတော့ မြို့ပေါ်ဓာတ်ဆီဆိုင်က ဆီဘောက်ဆာက ဘယ်ကနေ ဘယ်ကိုသွားနေတယ်၊ အဲ့ဟာက ကျွန်တော်တို့ကို‌ အခွန်မဆောင်ဘူး လှမ်းဖမ်းပေးပါဆိုပြီး မြို့နယ်အချင်းချင်းချိတ်ဆက်ဆောင်ရွက်သွားမယ် ” လို့ ကလေးမြို့ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
 
ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဟာ မြို့နယ်အတွင်းက ကျေးရွာပေါင်း (၁၅၆)ရွာအနက် ရွာပေါင်း (၁၄၀) လောက်ကို စိုးမိုးထိန်းချုပ်ထားနိုင်တာ ရှစ်လလောက်ရှိနေပြီဖြစ်ပြီး လုပ်ငန်းရှင်တွေဆီက အခွန်ကောက်ယူမှုကိုတော့ အခုမှစတင်မှာလို့ သူကဆိုပါတယ်။
 
ကလေးမြို့နယ်ဒေသခံတွေကတော့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ မြို့နယ်အတွင်း တချို့နယ်မြေတွေမှာ အခွန်ကောက်ခံမှု လုံးဝမရှိသေးသလို ဒေသတချို့မှာတော့ လွန်ခဲ့တဲ့တနှစ်ဝန်းကျင်ကတည်း အခါအားလျော်စွာ ကောက်ခံတာမျိုးရှိတယ်လို့ ပြောပါတယ်။
 
” တလတခါ (ချက်အရက်)အရက်ရောင်းတဲ့ဆိုင်တွေကို လာကောက်တာမျိုး ရှိပါတယ်၊ မများပါဘူး၊ တလတသောင်း၊ တသောင်းခွဲ လောက်ပါပဲ၊ ရိုးရိုးစျေးဆိုင်လေးတွေတော့ ကောက်တာမရှိပါဘူး၊ ခုထိတော့ အခွန်ပေးရလို့ စီးပွားထိခိုက်တာ၊ အဆင်မပြေတာ မရှိပါဘူး ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
ကလေးမြို့ပေါ်က လုပ်ငန်းရှင်တဦးကတော့ မြို့ပေါ်မှာနေထိုင်တဲ့ လုပ်ငန်းရှင်တွေအနေနဲ့ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား အခွန်ပေးဆောင်ဖို့ အခက်တွေ့နိုင်တဲ့ အခြေအနေတွေ ရှိနိုင်တယ်လို့ သုံးသပ်ပါတယ်။
 
“ ဆောင်ရမယ့်လူတွေအနေနဲ့ တဖက်တည်းမှ အဆင်ပြေမှာလေ၊ စစ်တပ်ကလည်း ဖိနှိပ် တဖက်ကလည်း အရေးယူမယ်ဆိုတာမျိုးဆိုရင်တော့ ကြားတွေညပ်ကုန်မယ်၊ အခံဘက်ကကြီးပဲ၊ အခွန်ဆောင်တာသိတာနဲ့ စစ်တပ်ကလာဖမ်းပြီး အကုန်သိမ်းမှာ ” လို့ ကလေးမြို့ပေါ်က လုပ်ငန်းရှင်တဦးက ပြောပါတယ်။
 
နောက်ထပ် ကလေးမြို့ခံ လုပ်ငန်းရှင်တဦးကတော့ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ အခွန်ကောက်ယူမယ်ဆိုရင် တဖက်မှာလည်း အခွန်မဆောင်သူတွေနဲ့ အခွန်မဆောင်တဲ့ ကုန်ပစ္စည်းတွေကို ထိထိရောက်ရောက်အရေးယူနိုင်ဖို့ လိုတယ်လို့ ဆိုပါတယ်။
 
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ဟာ လူထုကိုဝန်မပိစေဖို့အတွက်လို့ဆိုကာ လုပ်ငန်းရှင်တွေကို ဦးတည်တဲ့ အခွန်ကောက်ခံမှုစနစ်ကျင့်သုံးဖို့ သတ်မှတ်ခဲ့ပြီး စိုးမိုးနယ်မြေတွေအတွင်းမှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းကစလို့ အခွန်ကောက်ခံမှုတွေ စတင်ခဲ့ပါတယ်။
 
NUG ရဲ့စိုးမိုးနယ်မြေဒေသ လေးဆယ်နီးပါးကနေ အခွန်ကောက်ခံမှုကနေ စုစုပေါင်း ကျပ် သုံးဘီလီယံရရှိခဲ့တယ်လို့ NUG ရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က အခုနှစ် ဇန်နဝါရီလအတွင်း ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။
 
ဒေသအလိုက် ကောက်ခံရရှိတဲ့ အခွန်ငွေတွေထဲက သုံးဆယ်ရာခိုင်နှုန်းကို ပြည်ထောင်စုအဆင့်မှာ သုံးစွဲဖို့၊ ကျန်တဲ့ ၇၀ ရာခိုင်နှုန်းကိုတော့ ဒေသအလိုက် ပြည်သူ့အုပ်ချုပ်ရေးကဏ္ဍအတွက် သုံးဆယ်ရာခိုင်နှုန်းနဲ့ ကာကွယ်ရေးကဏ္ဍအတွက် လေးဆယ်ရာခိုင်နှုန်း ခွဲဝေသုံးစွဲဖို့ NUG က သတ်မှတ်ထားပါတယ်။
 
ဓာတ်ပုံ​ – Social Media
ပုံစာ – စစ်ကိုင်းတိုင်းအတွင်းတနေရာမှာ စစ်ဆေးမှုလုပ်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဥ်။