ရခိုင်မှာ စစ်အုပ်စုက ပဋိပက္ခဖန်တီးဖို့ ကြိုးစားနေတဲ့အပေါ် နားလည်သည်းခံမှုနဲ့ ကျော်ဖြတ်ဖို့ NUG တိုက်တွန်း

Photo credit – social media

ဧပြီ၊ ၂၁

စစ်အုပ်စုက လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေဖြစ်အောင် ရည်ရွယ်လုပ်ဆောင်နေတာကြောင့် ရခိုင်ပြည်တွင်းနေ ပြည်သူတွေအနေနဲ့ အချင်းချင်းကြား ယုံကြည်မှု၊ အပြန်အလှန် လေးစားမှု၊ နားလည်သည်းခံမှုတွေနဲ့ သတိထားကျော်ဖြတ်ကြဖို့ မေတ္တာရပ်ခံတယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)က ဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီတပ်က ဦးဆောင်ကာ မြို့ပေါ်လူနေအိမ်တွေနဲ့ နိုင်ငံတကာကူညီရေးအဖွဲ့ရုံးခန်းတွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့အခြေအနေနဲ့ပက်သက်လို့ ထုတ်ပြန်တဲ့ထုတ်ပြန်ချက်မှာ NUG က အဲဒီလို သတိပေး၊ မေတ္တာရပ်ခံထားတာပါ။

စစ်အုပ်စုဟာ ရခိုင်ပြည်နယ်အတွင်း နေထိုင်တဲ့ ရိုဟင်ဂျာတွေကို တရားမဝင်အဓမ္မ စစ်သားအဖြစ် စုဆောင်းခဲ့ပြီး စစ်သင်တန်းပို့ချ၊ လက်နက်တပ်ဆင်ပေးနေတယ်လို့ NUG က ဆိုပါတယ်။

အလားတူပဲ စစ်ကောင်စီတပ်ကို တော်လှန်နေတဲ့ အာရက္ခတပ်တော်(AA)အပေါ် ရိုဟင်ဟင်ဂျာတွေ ဆန့်ကျင်နေကြောင်း ထင်မှတ်မှားစေတဲ့ ဖိအားပေးစေခိုင်းမှုတွေနဲ့အတူ အတုအယောင်ဆန္ဒပြပွဲတွေ ကျင်းပစေကာ လူမျိုးရေးပဋိပက္ခ အရှိန်မြင့်တက်လာအောင် ယုတ်မာကောက်ကျစ်တဲ့အကြံဆိုးနဲ့ လုပ်နေတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီဟာ မနေ့က ဧပြီလ ၂၀ ရက်နေ့ကလည်း ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အတွင်းက ရိုဟင်ဂျာတွေကို ခြိမ်းခြောက်ခေါ်ယူပြီး AA အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်စေခိုင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ပထမတခေါက်က ပြခိုင်းသလို စစ်တပ်က ခြိမ်း ခြောက်ပြီး ခေါ်တာ၊ မလာလို့မရဘူး၊ သူတို့ စကစက လုံခြုံရေး ယူပေးတယ်”လို့ စစ်တွေ ဒေသခံရိုဟင်ဂျာတဦးက ပြောပါတယ်။

ဒါ့အပြင် ဘူးသီးတောင်မြို့အတွင်းရှိ နိုင်ငံတကာလူသားချင်းစာနာထောက်မှုအကူအညီပေးရေးအဖွဲ့အစည်းတွေရဲ့ ရုံးအဆောက်အဦးတွေနဲ့ နေအိမ်တွေကို မီးရှို့၊ ဖြိုချက်တာစတဲ့ အကြမ်းဖက်မှုတွေကိုလည်း စစ်ကောင်စီက ပေါ်ပေါ်ထင်ထင်လုပ်နေတယ်လို့ NUG ကဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်းက ပြည်သူတွေရဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နေမှုကို ဖျက်လိုဖျက်ဆီး လုပ်နေတဲ့ စစ်အုပ်စုရဲ့ အဲဒီအဖျက်အမှောင့်လုပ်ရပ်တွေအပေါ် ပြင်းထန်စွာ ရှုတ်ချတယ်လို့    NUG က ထုတ်ပြန်ချက်မှာ ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေမှာ ဘူးသီးတောင်မြို့ပေါ်ရှိ နယ်စည်းမခြားဆရာဝန်များအသင်း(MSF)ရုံးနဲ့ လူနေအိမ် နှစ်ရာကျော်ကို ၎င်းတို့သင်တန်းပေး၊ လက်နက်တပ်ဆင်ပေးထားတဲ့ ရိုဟင်ဂျာလက်နက်ကိုင်တွေ၊ ဒေသခံရိုဟင်ဂျာအချို့နဲ့အတူ မီးရှို့၊ ဖျက်ဆီးခဲ့ကြတာလို့ မြို့ခံတွေက ပြောထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေပြဌာန်းပြီးရက်ပိုင်းအတွင်းမှာပဲ ရခိုင်ပြည်နယ် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောနဲ့ ကျောက်ဖြူမြို့နယ်တို့အတွင်းမှ ရိုဟင်ဂျာတထောင်ဝန်းကျင်ကို အတင်းအဓမ္မ ဖမ်းဆီး၊ စစ်မှုထမ်းခိုင်းစေပြီး AA နဲ့ ဖြစ်နေတဲ့ တိုက်ပွဲတွေဆီပို့ကာ နောက်ထပ်လည်း စစ်မှုထမ်းရမယ့် လူစာရင်း တောင်းခံနေတယ်လို့ ဒေသခံရိုဟင်ဂျာတွေက ပြောကြပါတယ်။

အဲဒီလို ရိုဟင်ဂျာတွေကို ရက်တို သင်တန်းပေး၊ လက်နက်တပ်ဆင်ကာ စစ်တိုက်ခိုင်းနေတာဟာ သေတွင်းသို့ တွန်းပို့သလိုဖြစ်နေပြီး AA အပေါ် ရိုဟင်ဂျာတွေ တိုက်ခိုက်နေတယ်ဆိုတဲ့အမြင်မျိုး မြင်လာအောင် လုပ်တာဖြစ်တယ်လို့ ဒေသခံရိုဟင်ဂျာတွေက ထောက်ပြကြပါတယ်။

“ရိုဟင်ဂျာတွေ တိုက်ပွဲတွေမှာ အများကြီးသေသွားပြီ၊ AA ကိုလည်း ဆန္ဒပြခိုင်းတယ်၊ မပြမနေရ ခြိမ်းခြောက်တယ်၊ သေချာစဉ်းစားကြည့်ရင် တကျော့ပြန်ပဋိပက္ခတွေဖြစ်အောင် လုပ်နေတာလို့ပဲ မြင်လာတယ်၊ အဲလိုမဖြစ်အောင် လူကြီးတွေ ထိန်းပေးဖို့လိုတယ်”လို့ စစ်တွေမြို့နယ်မှ ရိုဟင်ဂျာလူငယ်တဦးက ပြောပါတယ်။

ဘူးသီးတောင်မြို့နယ်မှ ရိုဟင်ဂျာလူကြီးတဦးကလည်း ရိုဟင်ဂျာတွေအနေနဲ့ စစ်ကောင်စီရဲ့ မက်လုံးပေး၊ စည်းရုံးမှုတွေနောက် မလိုက်ကြဖို့လိုအပ်တယ်လို့ ဆိုပါတယ်။

အာရက္ခတပ်တော်(AA)ကလည်း ရခိုင်ပြည်နယ်အတွင်းက နယ်မြေတွေ တဆင့်ချင်းလက်လွှတ်ဆုတ်ခွာနေရတဲ့ စစ်ကောင်စီဟာ ရခိုင်ဒေသမှာ လူမျိုးရေးပဋိပက္ခတွေဖန်တီးထားခဲ့ဖို့ ကောက်ကျစ်စဉ်းလဲစွာ လုပ်ဆောင်နေတာတွေ့ရတယ်လို့ ပြောဆိုထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း ၂၀၁၂ လူမျိုးရေးပဋိပက္ခကြောင့် အနည်းဆုံး ၁၉၂ ဦး(မူဆလင် ၁၃၄ ဦး၊ ရခိုင် ၅၈ ဦး) သေဆုံးခဲ့ရပြီး နေအိမ် ရှစ်ထောင်ကျော် ဖျက်ဆီးခံရကာ ဒေသခံတသိန်းလေးသောင်းနီးပါး နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရကာ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရတယ်လို့ ၂၀၁၇ ခုထုတ် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။