ဆေးကုခွင့် ကန့်သတ်ခံထားရတဲ့ စစ်တွေ ရိုဟင်ဂျာစခန်းတွေမှာ ဝမ်းရောဂါကြောင့် သေဆုံးသူ တရာနီးပါးရှိလာ

Photo.Social Media(ပုံဟောင်း)

ဧပြီ၊ ၂၁

စစ်တွေမြို့နယ်အတွင်းက ရိုဟင်ဂျာကျေးရွာနဲ့ ဒုက္ခသည်စခန်းတွေမှာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူတွေ အများအပြားရှိနေပြီး နှစ်ပတ်ကျော်အတွင်း သေဆုံးသူ တရာနီးပါးအထိ ရှိနေပြီလို့ စာရင်းကောက်ယူနေသူတွေနဲ့ဒေသခံတွေက ပြောပါတယ်။

ဝမ်းရောဂါကြောင့် သေဆုံးရသူတွေထဲမှာ အသက်ငါးနှစ်အောက် ကလေးငယ်တွေအများစုပါဝင်ပြီး လူကြီးတွေပါ သေဆုံးမှုရှိလာနေတယ်လို့ ဆိုပါတယ်။

“ဒုက္ခသည်စခန်းနဲ့ ကျေးရွာအနှံ့မှာ သေဆုံးမှုတွေဖြစ်နေတာ၊ ကလေးတရာလောက် သေသွားပြီ၊ အခု လူကြီးတချို့မှာတောင် ဖြစ်နေတာရှိတယ်၊ တယောက်စ၊ နှစ်ယောက်စ ထပ်သေနေတုန်းပါ၊ ကူးစက်တာလည်း မြန်တယ်”လို့ စာရင်းကောက်ယူနေတဲ့ ရိုဟင်ဂျာလူငယ်တဦးက ပြောပါတယ်။

ဝမ်းရောဂါကြောင့် သေဆုံးသူတွေထဲဟာ အုန်းတောကြီး၊ ဆေးသမားကြီးဒုက္ခသည်စခန်းတို့မှ အများစုပါဝင်ပြီး အုန်းတောချေ၊ သက္ကေပြင်ဒုက္ခသည်စခန်းနဲ့ ဘုမေ၊ ဘာဆာရာ၊ ဒါးပိုင်ရွာတို့မှာလည်း သေဆုံးသူတွေ ရှိနေတယ်လို့ ဆိုပါတယ်။

အဲဒီဒုက္ခသည်စခန်းနဲ့ ကျေးရွာတွေမှ ရိုဟင်ဂျာတွေဟာ ဆေးကုသမှုခံယူဖို့ စစ်တွေမြို့ပေါ်ကိုသွားလာခွင့်မရတာကြောင့် နီးစပ်ရာ ရဆေးဆရာတွေနဲ့ပဲ ကုသနေကြရတယ်လို့ ပြောကြပါတယ်။

“မြို့ပေါ်ကို တက်ကုလို့မရဘူး၊ Check Point(စစ်ဆေးရေးဂိတ်)တွေရှိတယ်၊ ဖြတ်လို့မရဘူး၊ ဆေးကုဖို့ကျတော့ ကျပန်းရမ်းကုတွေနဲ့ပဲ ကုနေရတယ်၊ ဆေးမကုရ၊ ဆေးရှာမရလို့ တရက်တည်းမှာ အများကြီးသေကြတယ်”လို့ စစ်တွေမြို့နယ်မှ နောက်ထပ် ရိုဟင်ဂျာလူငယ်တဦးက ပြောပါတယ်။

စစ်တွေမြို့နယ်ရှိ ရိုဟင်ဂျာကျေးရွာတခုဖြစ်တဲ့ သက္ကေပြင်ဆေးရုံကို သွားရောက်ကုသလို့ရပေမယ့် အဲဒီဆေးရုံမှာလည်းဆရာဝန်နဲ့ ဆေးဝါးအလုံအလာက်မရှိဘူးလို့ ဆိုပါတယ်။

“ဆရာဝန်မထိုင်ဘူး၊ ဆရာဝန်မရှိဘူး၊ အခုတော့ ဆရာဝန်ရောက်လာပြီ၊ ဒါပေမယ့် ဆေးမရှိဘူး၊ အပြင်ကပဲ ဝယ်ရတယ်၊ အပြင်မှာလည်း ဆေးက ရှာမရဘူး”လို့ အဆိုပါရိုဟင်ဂျာလူငယ်က ပြောပြပါတယ်။

လက်ရှိမှာ ဝမ်းရောဂါကြောင့် သေဆုံးသူတွေ ဆက်ရှိနေတာကြောင့် ဆေးဝါးအလုံအလောက်ရရှိဖို့နဲ့ ထပ်မံကူးစက်မှုမရှိရအောင် ကာကွယ်မှုတွေလုပ်ပေးဖို့ အရေးတကြီးလိုအပ်နေတယ်လို့ ဒေသခံရိုဟင်ဂျာတွေက ပြောကြပါတယ်။

“ဆေးဝါး အရေးကြီးနေပါတယ်၊ ရှေ့ဆက်မပြန့်ရအောင် လုပ်ပေးဖို့လိုနေတယ်”လို့ အုန်းတောကြီးဒုက္ခသည်စခန်းမှ ရိုဟင်ဂျာအမျိုးသားတဦးက ပြောပါတယ်။

ဝမ်းရောဂါစတင်ဖြစ်ပွားခဲ့တဲ့ အုန်းတောကြီးဒုက္ခသည်စခန်းကို စစ်ကောင်စီလက်အောက်ခံကျန်းမာရေးဌာနက ရေနမူနာလာရောက်စစ်ဆေးတာတွေ ရှိပေမယ့် ကွင်းဆင်းဆေးကုပေးတာ၊ ပညာပေးတာမျိုးတွေတော့ မတွေ့ရဘူးလို့ ဒေသခံရိုဟင်ဂျာတွေက ပြောကြပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရတဲ့ ရိုဟင်ဂျာဒုက္ခသည် တသိန်းခွဲနီးပါး ရှိနေပြီး အဲဒီရိုဟင်ဂျာတွေဟာ ခရီးသွားလာခွင့်တွေ ကန့်သတ်၊ ပိတ်ပင်ခံထားကြရပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ စစ်တွေမြို့နယ်အတွင်းက ရိုဟင်ဂျာတွေကို စစ်မှုထမ်းဖို့ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်တာ၊အာရက္ခတပ်တော်(AA)အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ဖို့ ခြိမ်းခြောက်စေခိုင်းတာတွေလည်း လုပ်နေပါတယ်။

စစ်ကောင်စီတပ်ဟာ ရခိုင်ဒေသတိုက်ပွဲတွေစခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာလဆန်းကတည်းက ရခိုင်ပြည်တွင်းသို့ ကုန်စည်၊ ဆေးဝါးသယ်ယူခွင့်တွေ လုံး၀ဖြတ်တောက်၊ ပိတ်ပင်ခဲ့တာကြောင့် ဆေးဝါး၊ ရိက္ခာရှားပါးမှုနဲ့ ကြုံနေကြရတာပါ။

ဒါ့အပြင်စစ်ဘေးရှောင်ဒုက္ခသည် သုံးသိန်းခွဲကျော်ရှိနေတဲ့ ရခိုင်ပြည်နယ်မှာ လတ်တလောမှာရေရှားပါးမှုနဲ့ ကြုံတွေ့နေကြရပြီး တချို့စစ်ရှောင်စခန်းတွေမှာ ရေမသန့်လို့ အရေပြားနဲ့ ဝမ်းရောဂါဖြစ်ပွားသူတွေလည်း ရှိနေတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေနဲ့ စစ်ရှောင်တွေက ပြောကြပါတယ်။

စစ်ဘေးရှောင်တွေအများစု  မင်းပြားနဲ့ ပေါက်တောမြို့နယ်တို့မှာ ရေရှားပါးမှုနဲ့ ကြုံနေကြရတာလို့ ဆိုပါတယ်။