နယ်စပ်တိုက်ပွဲကြောင့် မြဝတီဒေသခံအများအပြား ထိုင်းနိုင်ငံဘက် တိမ်းရှောင်

ဧပြီ ၊ ၂၀

ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ် မြဝတီမြို့အနီး ဒီကနေ့ မနက်ပိုင်းတိုက်ပွဲတွေကြောင့် မြဝတီဒေသခံထောင်ချီ ထိုင်းနိုင်ငံဘက်ထပ်မံတိမ်းရှောင်သွားကြတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ထိုင်း – မြန်မာ ချစ်ကြည်ရေး တံတား အမှတ် (၂) အနီးမှာ တိမ်းရှောင်ခိုလှုံနေတဲ့ ခလရ ၂၇၅က လက်ကျန် စစ် ကောင်စီ တပ်သားတွေမနေ့ညက ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခံခဲ့ရသလို ဒီကနေ့မနက်ပိုင်းမှာတော့ နှစ်ဖက် ထိတွေ့ တိုက်ပွဲတွေလည်းရှိလာတာပါ။

အဲ့ဒီတိုက်ပွဲကြောင့် နှစ်နိုင်ငံချစ်ကြည်ရေးတံတား အမှတ်(၂)အနီးမှာ နေထိုင်တဲ့ ဒေသခံတွေ ထွက်ပြေးတိမ်း ရှောင်ကြရတာပါ။ကနဦးမှာအဲ့ဒီစစ်ရှောင်တွေဟာ ထိုင်းနိုင်ငံဘက်ကို ကူးပြောင်းခိုလှုံခွင့်မရတာကြောင့် သောင် ရင်းမြစ်ကမ်းမှာပဲ စစ်ရှောင်နေခဲ့ရပြီးအခုနေ့လယ်ပိုင်းမှာတော့ တဖက်နိုင်ငံထဲတိမ်းရှောင်နေကြပြီလို့ သိရ ပါ တယ်။

ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ KNLA ပူးပေါင်းတပ်ရဲ့ ထိုးစစ်ကြောင့် တပ်ရင်းစခန်းကို စွန့်ခွာထွက်ပြေးသွားတဲ့ အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေခိုလှုံနေထိုင်နေကြတဲ့ ထိုင်း – မြန်မာ ချစ်ကြည်ရေး တံ တား အမှတ် (၂) နေရာကို တော်လှန်ရေးတပ်တွေက ဒီကနေ့ မနက်အစောပိုင်းက ထပ်ပြီးထိုးစစ်ဆင် တိုက် ခိုက်ခဲ့တာလို့သိရပါတယ်။

စစ်ရေးတင်းမာနေတဲ့နေရာဟာ ထိုင်း – မြန်မာ နယ်စပ်ဖြစ်နေတာကြောင့် ထိုင်းဘက်ကို ကျည်ကျော်ကျတာတွေ ဖြစ်ပေါ်နေပြီး ထိုင်းစစ်တပ်ဘက်ကလည်း ထိခိုက်မှုရှိလာခဲ့ရင် ပြန်လည်ပစ်ခတ်ဖို့အတွက် အသင့်အနေအထား ပြင်ဆင်စောင့်ဆိုင်းနေတယ်လို့ မဲဆောက်ရောက်မြန်မာအသိုင်းအဝိုင်းကပြောပါတယ်။

“ကျွန်တော်တို့ လက်ရှိ တံတားနားမှာရှိနေပါတယ် (အမှတ် ၂ တံတား ထိုင်းဘက်အခြမ်း)။ ကျည်ကျော်ကျ နေ တာကတော့ ခဏခဏပါပဲ။ ထိုင်းစစ်တပ်ကတော့ အသင့်အနေအထားရှိနေပေမယ့် ပြန်လည်တိုက်ခိုက်တာတော့ မရှိ သေးပါဘူး” လို့ မဲဆောက်မှာနေထိုင်တဲ့ တက်ကြွလှုပ်ရှားသူ တဉီးက ဒီကနေ့ နံနက် ၁၁ နာရီ အခြေအနေကို ပြော ပြပါတယ်။

စစ်ရေးတင်းမာမှုဟာ ချစ်ကြည်ရေးတံတားအနီးမှာပဲဖြစ်နေတာဖြစ်ပြီး မြဝတီမြို့တွင်းနဲ့ တခြား နေရာတွေ မှာ တော့ တည်ငြိမ်မှုရှိနေတယ်လို့ မြဝတီဒေသခံ မချိုအေးက ပြောပါတယ်။

“ကျွန်မတို့ဘက်မှာတော့ အေးဆေးနေတဲ့အခြေအနေပါပဲ၊ဒါပေမယ့် စစ်မီးက ကူးလာမလားဆိုတာကိုတော့ သတိနဲ့စောင့်ကြည့်နေရတာပေါ့ ” လို့ သူကဆိုပါတယ်။

ဒီစစ်ရေးအခြေအနေကြောင့် ချစ်ကြည်ရေး အမှတ် (၁) တံတားကို ဒီကနေ့ နံနက်ပိုင်းက ခေတ္တပိတ်ထားမှုဖြစ်ခဲ့ ပေမယ့် စစ်ပွဲနေရာနဲ့ အနည်းငယ်လှမ်းတာကြောင့် လက်ရှိမှာတော့ ပုံမှန်အတိုင်း တံတားပေါ်ကနေ နယ်စပ်ဖြတ် ကျော်လို့ ရနေပါတယ်။