ယူကရိန်းအတွက် အဆင့်မြင့် လေကြောင်းကာကွယ်ရေး စနစ်တွေ ပိုမိုထောက်ပံ့ဖို့ NATO ကတိပြု

ဧပြီ ၊ ၂၀

ယူကရိန်းကို ခေတ်မီ လေကြောင်း ကာကွယ်ရေး စနစ်တွေ ပိုမို ထောက်ပံ့ပေးဖို့ အင်တိုက်အားတိုက် လုပ်ဆောင်သွားမယ်လို့ NATO စစ်မဟာမိတ် အဖွဲ့က ကတိပြုခဲ့ပါတယ်။

 NATOရဲ့ အကြီးအကဲ ဂျန်စ် စတိုတန်ဘက်ဂ်က ဧပြီ ၁၉ ရက်မှာ ပြုလုပ်တဲ့ NATOနဲ့ ယူကရိန်း ထိပ်သီး အစည်းအဝေးမှာ အခုလို ပြောကြားခဲ့တာပါ။ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ရုရှားရဲ့ ကြမ်းတမ်းရက်စက်တဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ရန်ကနေ ကာကွယ်ဖို့ ပိုမိုခေတ်မီ အားကောင်းတဲ့ လေကြောင်း ကာကွယ်ရေး စနစ်တွေ အရေးတကြီး လိုအပ်နေကြောင်း NATOဆီ အသိပေးထားတဲ့နောက် စတိုတန်ဘက်က အခုလို တုံ့ပြန်ခဲ့တာပါ။

 ဇီလန်စကီးက ယူကရိန်းရဲ့ အဓိက မြို့ကြီးတွေကို ကာကွယ်ဖို့အတွက် အမေရိကန်လုပ် Patriot ဒုံးခွင်းဒုံးစနစ်၊ ဒါမှမဟုတ် အလားတူ ခေတ်မီ လေကြောင်းကာကွယ်ရေးစနစ် အနည်းဆုံး ၇ ခုလောက် ထပ်မံ လိုအပ်နေတယ်လို့ ပြောကြားထားပါတယ်။

 ဧပြီ ၁၉ ရက်နေ့မှာတင်ပဲ ရုရှားရဲ့ ဒုံးကျည်တွေ ထိမှန်ပေါက်ကွဲလို့ ယူကရိန်းပိုင် ဒီနီပရို ပက်ထရော့ဗ်စ်ခ် ဒေသမှာ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ပါသေးတယ်။

တချိန်တည်းမှာပဲ အမေရိကန် လွှတ်တော်ကလည်း ယူကရိန်းအတွက် စစ်ရေးအသုံးရိတ် ဒေါ်လာ ၆၀ ဘီလီယံကျော် ထောက်ပံ့ဖို့ ကိစ္စ လပေါင်းအတော်ကြာ ကြန့်ကြာနေရာကနေ လက်တွေ့ အတည်ပြုပေးနိုင်ဖို့ ပိုမို နီးစပ်လာနေပြီလို့ သိရပါတယ်။

 ယူကရိန်းဟာ အမေရိကန်နဲ့ အနောက်မဟာမိတ်တွေဆီက စစ်ရေး အထောက်အပံ့ ရရှိမှုတွေ နှောင့်နှေးနေခြင်းနဲ့အတူ စစ်မြေပြင်မှာ အဆုံးအရှုံးတွေကို ပိုမို ရင်ဆိုင်နေရပါတယ်။ သမ္မတ ဇီလန်စကီးက တကယ်လို့ ယူကရိန်းသာ အမေရိကန်ဆီက အထောက်အပံ့တွေ ဆက်မရနိုင်တော့ဘူးဆိုရင် ရုရှားကို စစ်ရှုံးသွားနိုင်တယ်လို့ပါ အရိပ်အမြွက် သတိပေး ပြောဆိုထားခဲ့ပါတယ်။ 

Ref: BBC