ဒရုန်းတွေနဲ့ တိုက်ခိုက်ခံရမှုကို အစ္စရေး လက်ချက်လို့ အီရန် မစွပ်စွဲ၊ နှစ်ဖက် တင်းမာမှုတွေ လျော့ကျလာဖွယ်ရှိ

ဧပြီ ၊ ၂၀

နိုင်ငံ အလယ်ပိုင်းက မြို့တမြို့မှာ ဒရုန်းတွေနဲ့ တိုက်ခိုက်ခံရမှုကို စုံစမ်းနေကြောင်း အီရန်က ကြေညာပေမယ့် ထူးခြားတဲ့ အခြေအနေ တခုအဖြစ် အစ္စရေးကို ပြစ်တင် စွပ်စွဲတာမျိုးကနေ ရှောင်လွှဲသွားခဲ့ပါတယ်။

 ဧပြီ ၁၉ ရက်နေ့တုန်းက အီရန် အလယ်ပိုင်း အစ္စဖာဟန်မြို့ လေပိုင်နက်ထဲ ကျူးကျော်လာတဲ့ ဒရုန်းတချို့ကို ပစ်ချနိုင်ခဲ့ပြီး ထိခိုက်ပျက်စီးမှု၊ ဒဏ်ရာရမှုတွေ မရှိခဲ့ဘူးလို့ အီရန်က ပြောပါတယ်။ အဲဒီ တိုက်ခိုက်မှုဟာ အီရန်ရဲ့ ဒရုန်းနဲ့ ဒုံးကျည်တွေ အသုံးပြု ပစ်ခတ်ခဲ့မှုကို လက်တုံ့ပြန်မယ်လို့ အစ္စရေးက ကြွေးကြော်ထားချိန်မှာ ပေါ်ပေါက်လာခဲ့တာပါ။

 အစောပိုင်းမှာ အမေရိကန် အစိုးရ အရာရှိ တချို့က အစ္စဖာဟန်ကို အစ္စရေးက ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပြောပေမယ့် အီရန်ကတော့ ကြားဖြတ် ပစ်ချခဲ့တဲ့ထဲမှာ ဒုံးကျည်တွေ မပါကြောင်း ပြောပါတယ်။ ဒါ့အပြင် ဒရုန်းတွေကလည်း အသေးစား အရွယ်တွေသာ ဖြစ်ကြပြီး စစ်ရေးအရ တိုက်ခိုက်မှုဆိုတဲ့ သဘောမျိုး အဓိပ္ပါယ် မပေါက်အောင်တောင် သတိကြီးကြီး သုံးနှုန်းခဲ့ပါတယ်။

 အရှေ့အလယ်ပိုင်းအရေး စောင့်ကြည့်သူတွေကတော့ အီရန်ရဲ့ လုပ်ရပ်ဟာ အစ္စရေးနဲ့ စစ်ရေး တင်းမာမှုတွေ ပိုမို မြင့်တက်လာနိုင်တာကို ဟန့်တားဖို့ ဦးတည်နေတာ ဖြစ်နိုင်ကြောင်း ပြောပါတယ်။ အီရန်ဟာ အရင်လုပ်နေကျ ပုံစံမျိုးအဖြစ် အစ္စရေးကို စွပ်စွဲတာ၊ သရော်လှောင်ပြောင်တာတွေ ဘာမှ မလုပ်ခဲ့ဘဲ အစ္စဖာရန် ကိစ္စကို အကျယ်မချဲ့ဘဲ အဆုံးသတ်လိုတဲ့ သဘောမျိုး ပြသခဲ့ပါတယ်။

 ယေဘုယျ အနေနဲ့တော့ အီရန်ရဲ့ အပြုအမူကြောင့် အစ္စရေးကလည်း ရန်လိုမှုတွေကို ထိန်းချုပ်ပြီး ဒေသတွင်း ခါးသီးပြိုင်ဘက် အင်အားကြီး နှစ်နိုင်ငံ ထိပ်တိုက်တွေ့ကြတဲ့ ကိစ္စဟာ အရှိန်ပြန်လျော့သွားပြီလို့ ယုံကြည်ရပါတယ်။

 အီရန် နိုင်ငံခြားရေး ဝန်ကြီး ဟိုစိန် အမီရက်ဘ်ဒိုလာဟီအန်က အစ္စဖာရန်က ဖြစ်ရပ်ဟာ နိုင်ငံတခုရဲ့ စစ်တပ်က တိုက်ခိုက်တာမျိုး အတိုင်းအတာ ပမာဏ မဟုတ်ခဲ့ကြောင်းနဲ့ ကလေးတွေ ဆော့ကစားသလောက်သာ ရှိခဲ့ကြောင်း ဆိုပါတယ်။ သူက အဲဒီ ဒရုန်းတွေကို အီရန် ပိုင်နက်ထဲကပဲ လွှတ်တင်ခဲ့တာဖြစ်ပြီး မီတာရာဂဏန်းလောက် ပျံသန်းပြီးချိန်မှာတင် ပစ်ချနိုင်ခဲ့တယ်လို့ ပြောပါတယ်။

 ဒရုန်း တိုက်ခိုက်မှုတွေအတွက် စုံစမ်း စစ်ဆေးနေဆဲဖြစ်ပြီး အစ္စရေးနဲ့ ဆက်နွှယ်တယ်ဆိုတဲ့ စွပ်စွဲချက်မျိုးကို အီရန်က လုံးဝ တရားဝင် ထုတ်မပြောခဲ့ပါဘူး။ အခု ကိစ္စဟာ အစ္စရေးကြောင့် ဆိုတာထက် အီရန်မှာ စိမ့်ဝင်နေတဲ့ ဆန့်ကျင်ရေး အင်အားစုတွေ လက်ချက်သာ ပိုဖြစ်နိုင်တယ် ဆိုတာမျိုး အီရန်ဖက်က မှတ်ချက် ပေးထားပါတယ်။ အစ္စရေးကတော့ အစ္စဖာဟန်မှာ လေကြောင်း တိုက်ခိုက်မှုတေါ လုပ်ဆောင်ခဲ့တယ် ဆိုတာကို ဝန်ခံတာ၊ ငြင်းဆန်တာ ဘာမှ မရှိဘဲ နှုတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။

 Ref: Al Jazeera