စစ်ရေးသတင်း ကောလာဟလတွေကြောင့် မြဝတီမြို့ခံတွေ စိုးရိမ်မှုရှိနေ

ဧပြီ၊ ၁၉

မြဝတီမြို့စောင့်တပ်လို့လည်း လူသိများတဲ့ မြို့အနီးက ခလရ (၂၇၅) ကို တော်လှန်ရေးအင်အားစုတွေကို သိမ်းပိုက်လိုက်ပြီးနောက် စစ်ရေးသတင်းကောလာဟလမျိုးစုံထွက်ပေါ်နေတာကြောင့် စိုးရိမ်နေရပြီး သတိနဲ့ နေထိုင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

“အခုပြောရင် ရွှေက္ကိုလ်ကိစ္စပေါ့ ဗိုလ်ချစ်သူက လက်နက်တွေမအပ်တော့ ရွှေက္ကိုလ်ကို ဗုံးကျဲမယ် မြို့ကိုဖျက်ဆီးမယ်ဆိုတဲ့ သတင်းတွေ၊ လေယာဉ်တွေတက်လာနေပြီတဲ့ဆိုတာတွေ နေတိုင်းကြားနေရတာပဲ ” လို့ မြဝတီမြို့မှာ ငွေလဲလုပ်ငန်းလုပ်ကိုင်တဲ့ မချိုအေးက ပြောပါတယ်။

မြဝတီနဲ့ ကော့ကရိတ်မြို့ကြားက သင်္ဃန်းညီနောင်အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေနဲ့ ဗျူဟာတခုတို့ကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်သလို တပ်ဖွဲ့ဝင်တွေနဲ့ တပ်မိသားစုဝင် ခြောက်ရာကျော်လည်း လက်နက်ချခဲ့ပြီးနောက် ခလရ ၂၇၅ကိုလည်း တော်လှန်ရေးတပ်တွေကဧပြီ ၁၁ရက်မှာ ဆက်လက်သိမ်းပိုက်ခဲ့ပါတယ်။

အဲ့ဒီတပ်ရင်းကိုတော်လှန်ရေးအင်အားစုတွေသိမ်းပိုက်လိုက်တာကြောင့် မြဝတီမှာ  စစ်ကောင်စီ လက်အောက်ခံ တပ်ရင်းတခုမှမရှိတော့ပေမယ့် ခလရ ၂၇၅မှာ အခြေချခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အမှတ် (၂)ထိုင်း – မြန်မာ ချစ်ကြည်ရေးတံတားအနီးမှာလက်ရှိအချိန်အထိ နေထိုင်နေကြပါတယ်။

သူတို့ဟာ သူတို့ကိုလာရောက်ကူညီကယ်ထုတ်မယ့် စစ်ကူတွေကို မျှော်လင့်နေကြတာဖြစ်ပြီး လေယာဉ်ပစ်ကူတွေကိုပါ အကူအညီတောင်းထားတယ်ဆိုတာအပါအဝင် စစ်ရေးသတင်းတွေ ဒေသခံတွေကြားပျံ့နှံ့နေတာကြောင့် စိုးရိမ်နေကြတာလို့ ဆိုပါတယ်။

ခလရ ၂၇၅ သိမ်းပိုက်ခံရပြီးနောက် မြဝတီမြို့ ထိန်းချုပ်အုပ်ချုပ်ရေးနဲ့ပတ်သက်လို့ မရှင်းလင်း တဲ့အခြေအနေတွေရှိသလို စစ်ကောင်စီကလည်း မြဝတီမြို့ကိုဦးတည်နေတဲ့ သံချပ်ကာကားနဲ့ အတွဲလိုက် ဒုံးပစ်စင်တွေ၊အင်အားရာချီပါဝင်တဲ့ စစ်ယာဉ်တန်းစေလွှတ်လိုက်တာမျိုးတွေကြောင့် မြို့တွင်းတိုက်ပွဲတွေဖြစ် လာမှာကို  ဒေသခံတွေကစိုးရိမ်နေကြတာပါ။

ဒီအတောအတွင်း သင်္ကြန်ကာလ ဧပြီ ၁၆ရက်ကတော့ မြို့ခံတွေအနေနဲ့ ဧပြီ ၁၈ရက်နောက်ဆုံးထားပြီး မြို့ကနေ တိမ်းရှောင်ရမယ်ဆိုတဲံ သတင်းတွေထွက်ခဲ့သေးတယ်လို့ ဒေသခံတွေကပြောပါတယ်။

အလားတူလက်ရှိမှာလည်း လေယာဉ်ပစ်ကူတွေလာတော့မှာဖြစ်လို့ မြို့ပေါ်မှာ မနေကြဖို့ နူတ်အားဖြင့် သတင်းဖြန့်တာတွေလည်း ရှိနေတယ်လို့လည်းဆိုပါတယ်။

လက်ရှိအချိန်မှာ မြဝတီမြို့အတွင်း သွားလာလှုပ်ရှားမှုတွေ ပုံမှန်အတိုင်းရှိနေပေမယ့် ရွှေဆိုင်အပါအဝင် ကုန်စုံဆိုင်ကြီး အများစုပိတ်ထားပါတယ်။ ငွေကြေးတတ်နိုင်သူတွေကလည်း ထိုင်းနိုင်ငံ မဲဆောက်ထဲကို ခေတ္တပြောင်းရွေ့နေထိုင်တာမျိုးတွေရှိနေပါတယ်။

ဒါပေမယ့် ဒါဟာလူနည်းစုပဲဖြစ်ပြီး အများစုကတော့ သောင်ရင်းမြစ်ကမ်းဘေးလောက်အထိသာ ရှောင်ရှားမှုလုပ်နိုင်ကြတယ်လို့ မြဝတီမြို့ခံ မချိုအေးကပြောပါတယ်။

ရွှေက္ကိုလ်မြို့သစ်ကို ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် စောချစ်သူဦးဆောင်တဲ့ တပ်ဖွဲ့က ထိန်းချုပ် ထားတာဖြစ်ပြီး  စောချစ်သူဟာ လွန်ခဲ့တဲ့ လအနည်းငယ်အကြာကတည်းက စစ်ကောင်စီလက်အောက်ခံ BGF အဖြစ်ကနေနှုတ်ထွက်ပြီး သီးခြားရပ်တည်မယ်လို့ ထုတ်ပြောကာ KNA တပ်ဖွဲ့အနေနဲ့ ရပ်တည်ဖို့ပြင်ဆင်ခဲ့ပါတယ်။

လက်ရှိမှာတော့ စောချစ်သူကို BGF တပ်ဖွဲ့အဖြစ် တာဝန်ထမ်းနေချိန်က ထုတ်ပေးထားတဲ့ လက်နက်ခဲယမ်းတွေပြန်အပ်ဖို့ စစ်ကောင်စီက အသိပေးထားပြီးမလိုက်နာရင် ရွှေက္ကိုလ်မြို့သစ်ကို တိုက်ခိုက်မယ်ဆိုပြီး ခြိမ်းခြောက်ထားကြောင်း ထိုင်းသတင်းဌာနတချို့က ဖော်ပြကြတာရှိပါတယ်။

ဒီလို စစ်ရေးသတင်းမျိုးစုံနဲ့ ဒေသခံတွေကြား ပျံ့နှံ့နေတဲ့ သတင်းတွေကြောင့်  စိုးရိမ်မှုတွေရှိနေကြတာလို့ မြဝတီဒေသခံတွေကပြောပါတယ်။

“တိုက်ပွဲတွေဖြစ်လာလို့ စစ်ရှောင်လိုက်ရတယ်ဆိုတာကတမျိုးပေါ့နော်၊ ခုကကျ ဖြစ်မှာလား မဖြစ်ဘူး လားလည်းမသိ၊ သတင်းတွေက တမျိုးပြီးတမျိုးနဲ့၊ ကျွန်မကတော့ ထမင်းချက်ထားပြီး အထုတ် တွေထုတ်ထားတယ်၊ မဖြစ်လာတော့လည်း ဖြည်စားရုံပေါ့ ” လို့ ရွှေက္ကိုလ်မှာနေထိုင်တဲ့ မသဲစုက ဆိုပါတယ်။

မြဝတီနဲ့ပတ်သက်တဲ့ စစ်ရေးသတင်း ကောလာဟလတွေဟာ ရိုးရိုးတန်းတန်း စိတ်ပူမှုတွေကြောင့်လည်း ဖြစ်နိုင်သလို မြို့ခံတွေ စွန့်ခွာ တိမ်းရှောင်သွားအောင် မသမာသူတွေက မမှန်သတင်းဖြန့်တာတွေလည်းရှိ နိုင်တယ်လို့ မြဝတီမြို့ သတင်းတွေကို စဉ်ဆက်မပြတ် ဖော်ပြပေးနေတဲ့ မြို့ခံတဉီးက သုံးသပ်ပါတယ်။

လက်ရှိအခြေအနေမှာ အစိုးရိမ်ရဆုံးက စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေဖြစ်ပေမယ့် ထိုင်းနိုင်ငံဘက်ကို ထိခိုက်လာမယ်ဆိုရင် တုန့်ပြန်ဖို့ အဆင်သင့်ရှိနေတဲ့ ထိုင်းစစ်တပ်ကြောင့် စစ်ကောင်စီက လေကြောင်းပစ်ကူတွေ မသုံးနိုင်လောက်ဘူးလို့ ယူဆကြသူတွေလည်းရှိနေပါတယ်။

တဘက်မှာလည်း ချစ်ကြည်ရေးတံတားအနီးမှာ ပိတ်မိနေတဲ့ စစ်ကောင်စီတပ်သားတွေကို ကယ်ထုတ်ဖို့ဆိုရင် လေကြောင်းပစ်ကူက အထိရောက်ဆုံးဖြစ်တာကြောင့် လေယာဉ်သတင်းတွေကို အမြဲမပြတ် စောင့်ကြည့် နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ 

Photo Credit – Google

ပုံဟောင်း