ကျိုက်မရောမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေ

ပုံစာ – ကော့သပ်ကျေးရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့

ဧပြီ၊ ၁၉

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် တရနာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ဒီကနေ့ ဧပြီလ ၁၉ ရက် မနက် ၈ နာရီလောက်မှာကော့သပ်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာလို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းအရင်းအမြစ်တွေထံမှ သိရပါတယ်။

“တရနာရွာမှာ တပ်စွဲထားတဲ့ စစ်သားတွေ တင့်ကားနဲ့ ကော့သပ်ရွာဘက်ကို ဝင်လာတဲ့အချိန်မှာ လမ်းခုလတ်မှာ NMSP-Ad နဲ့ တိုက်ပွဲစဖြစ်ကြတာ” လို့ မြေပြင်တိုက်ပွဲမှာ ပါဝင်နေတဲ့ စစ်ရေးသတင်းအရင်းအမြစ် တဦးက DNA ကို ပြောပါတယ်။

အင်အားရာချီရှိပြီးတရနာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက တင့်ကားတွေနဲ့အတူ ကော့သပ်ကျေးရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့)-NMSP-ADနဲ့ ထိတွေ့ပစ်ခတ်မှု စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားနေချိန်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ကူပေးခဲ့သလို NMSP-Ad ရဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကလည်း စစ်ကူအနေနဲ့ ဝင်ရောက်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲ နှစ်နာရီကျော်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့က ကျေးရွာတွေဘက်ကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။

“အခုတော့ နည်းနည်းပြန်ငြိမ်နေတယ်၊ စစ်ရေးကတော့ တင်းမာနေတုန်းပဲ၊ မဟာမိတ်အဖွဲ့တွေလည်း လာပူးပေါင်းထားတယ်၊ ဒီကောင်တွေက အဲဒီရွာမှာ တပ်စွဲထားတာ ကြာပြီးလေ” လို့ အဲဒီစစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။

တိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်သေဆုံးမှုအခြေအနေကို မသိရသေးဘူးလို့ သူက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ နှစ်ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့သလို ဂျိုင်းမြစ်စစ်သင်္ဘောကနေ လက်နက်ကြီး အဆက်မပြတ်ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ တရနာကျေးရွာဒေသခံအမျိုးသားတဦးက ပြောပါတယ်။

“လေယာဉ်တွေရော လာပစ်တာ၊ ရွာပြင်ဘက်ကိုလည်း ကျတယ်၊ ထွက်မကြည့်ရဲဘူး၊ ပြေးတဲ့သူက ပြေးတာပေါ့၊ ပုန်းတဲ့သူက ပုန်းနေတာပေါ့၊ ကျွန်းကုန်းရွာဘက်မှာလည်း အိမ်တွေ မီးလောင်နေပြီး၊ ခုထိ(ညနေလေးနာရီ)လက်နက်ကြီးပေါက်ကွဲသံ ကြားနေရတုန်းပဲ” လို့ သူက ပြောပါတယ်။

လတ်တလော ကျေးရွာအနီးတဝိုက်မှာ လက်နက်ကိုင်တပ်ဖွဲ့တွေ ရှိနေသေးတာနဲ့ လက်နက်ကြီးကျရောက် ပေါက်ကွဲမှု ရှိနေသေးတာကြောင့် အရပ်သားနဲ့ နေအိမ်ထိခိုက်ပျက်စီးမှု အခြေအနေအသေးစိတ်ကို မသိရသေးဘူးလို့ ဆိုပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ဘိန်းနယ်မြေရဲစခန်းကို မတ်လ ၂၅ ရက်နေ့မှာ လက်လွှတ်ဆုံးရှုံး လိုက်ရတဲ့ စစ်ကောင်စီဟာ ခရုံဂူလမ်းပိုင်းအပါအဝင် ပတ်ပတ်လည်ကနေ အင်အားဖြည့်စစ်ကြောင်းထိုးကာ ကျေးရွာတချို့မှာ ဝင်ရောက်တပ်စွဲနေကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကျေးရွာတွေမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့တွေက လက်နက်ကြီးအပြင် လေကြောင်းကနေ နေ့စဉ်ဆိုသလို ပစ်ခတ်မှုတွေ ပြုလုပ်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေ ရှိနေသလို နေအိမ်အဆောက် အများအပြားထိခိုက်ပျက်စီးတာတွေ ရှိတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ကော့ဘိန်း၊ တရနာ၊ ကော့သပ်၊ ကော့ပေါက်၊ ဓမ္မသ၊ ဘုရားကြီး၊ ကော့ပလိုင်း၊ ကျွန်းကုန်းရွာ၊ ကော့သပ် အစရှိတဲ့ ကျေးရွာအသီး သီးမှ ဒေသခံပြည်သူ သောင်းချီဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာလည်း ဖြစ်ပါတယ်။

အခုထိတွေ့တိုက်ပွဲဖြစ်ပွားနေတဲ့ ကျေးရွာတွေအပါအဝင် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကျေးရွာတွေက ရွာချင်းကပ်ရပ်တွေ ဖြစ်ကြပြီး မွန်တိုင်းရင်းသားအများစု နေထိုင်ကြတဲ့ ကျေးရွာတွေ ဖြစ်တယ်လို့ သိရပါတယ်။

 

မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့)

စစ်ကောင်စီ ပစ်ခတ်မှုကြောင့် မီးလောင်နေတဲ့ ကျွန်းကုန်းရွာ

Photo Credit – Social Media