ဆီဆိုင်မှာ စစ်ကောင်စီတပ်အကြောင်းမဲ့ပစ်ခတ်လို့ အရပ်သား တဦးသေဆုံး


ပုံစာ – တိုက်ပွဲကြောင့်ပျက်ဆီးနေတဲ့ဆီဆိုင်မြို့

ဧပြီ ၊ ၁၉

 
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဖြီတခေါ့ကျေးရွာ ဒေသခံ နှစ်ဦးကို စစ်ကောင်စီတပ်က အကြောင်းမဲ့ ပစ်ခတ်ခဲ့လို့ တဦးသေဆုံးသွားတယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PNLA ပြောခွင့်ရသူ ခွန်ရိမ်းယံ ကပြောပါတယ်။
 
ဧပြီလ၁၈ရက် နေလည်ပိုင်းမှာ အသက် သုံးဆယ်အရွယ် ဒေသခံအမျိုးသားနှစ်ဦးဆိုင်ကယ်နဲ့ ခရီးသွားရာ ဆီဆိုင် – လွိုင်ကော်လမ်းမကြီးပေါ် ရှိ ပုံလောင်းကျေးရွာအနီးအရောက် စစ်ကောင်စီစစ်ကြောင်းနဲ့ ထိပ်တိုက်တိုးမိပြီး ပစ်ခတ်ခံရတာလို့ သူကပြောပါတယ်။
 
“ခရီးသွားနေတဲ့ ဒေသခံ နှစ်ဦးပါ့နော် ဆိုင်ကယ်နဲ့တယောက်တစီးလာတဲ့နေရာမှာ စစ်ကောင်စီနဲ့တိုးသွားတယ်။ ဘာမှာမေးမြန်းခြင်းမရှိဘဲ ပစ်လိုက်လို့တဦးကတော့ ပွဲချင်းပြီး သေသွားတယ်။ နောက်တယောက်ကတော့ ထွက်ပြေးလွတ်မြောက်လာတယ်” လို့ သူကပြောပါတယ်။
 
အဲဒီပစ်ခတ်မူဖြစ်စဥ်မှာ လွတ်မြောက်လာတဲ့အမျိုးသားကတော့ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်နေတဲ့ကြားမှာ ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့လည်း ဆိုပါတယ်။
 
ဆီဆိုင်မြို့နယ် ပုံလောင်းရွာအနီးမှာ စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ဖြစ်တဲ့ ခမရ-၅၀၉၊ ခလရ-၇ တပ်ရင်းတွေအထိုင်ချထားသလို တပ်မ (၅၅ ) လက်အောက်ခံ ဗျူဟာ တစ်ခုလည်း အထိုင်ချထားတယ်လို့ သိရပါတယ်။
 
“အာဏသိမ်းခါစ လက်နက်မပါတဲ့ လူထုကိုပစ်သတ်ခဲ့သလိုပေါ့အခုလည်းအဲလိုပါပဲ ပအိုဝ်းဒေသခံတွေကိုပစ်သတ်နေတာပေါ့။ ဒါကြောင့် ခရီးသွားရင် အခြေနေလေးစုံစမ်းသွားလာစေချင်တယ်။ ပအိုဝ်းအဖွဲ့တွေလည်း ကိုယ်လူမျိုးကိုသတ်နေတဲ့ စစ်ကောင်စီနဲ့မပက်သက်ဖို့တိုက်တွန်းချင်တယ်” လို့ ခွန်ရိမ်းယံ ကဆက်ပြောပါတယ်။
 
စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့်သေဆုံးသွားတဲ့ အမျိုးသားရဲ့ ရုပ်အလောင်းကို လက်ရှိ အချိန်ထိ စစ်ကောင်စီတပ်က ပြန်လည်သယ်ယူခွင့်မပြုသေးသလို ဆိုင်ကယ်ကိုလည်း သိမ်းဆည်းထားတယ်လို့ သိရပါတယ်။
 
အခုနှစ် ဇန်နဝါရီလလောက်ကတည်းကစတင်ပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ခဲ့တဲ့ ဆီဆိုင်မြို့မှာ တိုက်ပွဲတွေဖြစ်ပွါးနေတာ သုံးလနီးပါးကြာမြင့်နေပြီဖြစ်ပါတယ်။
 
လက်ရှိမှာ နှစ်ဖက်တပ်တွေကြား အပြန်အလှန်ထိုးစစ်ဆင်ရင် တိုက်ပွဲတွေဆက်ဖြစ်နေသေးတာပါ။
အဲဒီတိုက်ပွဲတွေအတွင်း အရပ်သား ခြောက်သောင်းလောက်နီးပါးဟာ နေရပ်စွန့်ခွါထွက်ပြေးနေရသလို စစ်တပ်လက်ချက်ကြောင့် အရပ်သား ခြောက်ဆယ်ကျော် သေဆုံးခဲ့တယ်လို့ ပအိုဝ်းလူငယ်အဖွဲ့က ဆိုပါတယ်။

Photo Credit – PNLA