စစ်ကောင်စီရဲ့တပ်ကူစစ်ကြောင်း ကျုံဒိုးမြို့အနီးတိုက်ခိုက်ခံရပြီးတိုက်ပွဲဖြစ်

ပုံစာ – မြို့အနီးတိုက်ပွဲကြောင့်ထွက်ပြေးလာတဲ့ကျုံဒိုးဒေသခံတချို့

ဧပြီ၊ ၁၉

ဘားအံဘက်ကနေ ကော့ကရိတ်-မြဝတီဘက်ကို စစ်ကူအဖြစ် ထပ်ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန် ရေးအင်အားစုတွေ ဒီကနေ့ မနက်ပိုင်းကစလို့ ကျုံဒိုးမြို့အနီးမှာ တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ လည်း လေကြောင်းကနေ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

“မြို့ပြင်နားမှာ မနေ့က တက်လာတဲ့ စစ်သားတွေနဲ့ PDF တွေ တိုက်ပွဲဖြစ်နေကြတာ၊ ရဟတ်ယာဉ်နဲ့လည်း မြို့ ပြင်ဘက်ကို ပစ်နေတာ မွန်းလွဲကအထိပဲ” လို့ ကျုံဒိုးမြို့ပေါ်မှာ နေထိုင်တဲ့ ဒေသခံတဦးက DNA ကို ပြောပါ တယ်။

ကျုံဒိုးမြို့ဟာ ကော့ကရိတ်-ဘားအံလမ်းပေါ်  ကော့ကရိတ်မြို့နဲ့ ၁၅မိုင်ဝန်းအကွာမှာရှိပါတယ်။ကျုံဒိုးမြို့ပြင်မှာ ရှိနေတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက စတင်တိုက်ခိုက်ရာက တိုက်ပွဲဖြစ်နေတာလို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရပြီးနောက်စစ်ကောင်စီကတိုက်ခိုက်ရေး ရဟတ်ယာဉ်တစီးနဲ့ ကျုံဒိုး မြို့ပတ် ပတ်လည်ကို လေကြောင်းကနေ ဗုံးကြဲတာ၊ ပစ်ခတ်တာတွေ အဆက်မပြတ်လုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီလိုမျိုး လက်နက်ကြီးလေယာဉ်နဲ့ပစ်ခတ်နေတာကြောင့် ကျုံဒိုးမြို့ခံတွေအပါအဝင် မြို့ပြင်မှာ နေထိုင်ကြတဲ့ ဒေသခံပြည်သူရာနဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေပြီး ထွက်မပြေးနိုင်သူတွေကတော့ ဗုံးခိုကျင်း တွေထဲ ခိုလှုံနေရတယ်လို့ ဆိုပါတယ်။

“မီးပုံပျံကွင်းအနားလောက်မှာ ပေါက်ကွဲတာ များတယ်၊ အဲဒီဘက်ပေါ့၊ ပစ်တာလေ၊ ထွက်လို့ မရဲသေးဘူး ၊အမ တို့တောင် ဗုံးခိုကျင်းမှာ ရှိနေတုန်းပဲ၊ တချို့ကျတော့ အများကြီးပဲ ထွက်ပြေးနေကြတာ ရှိတယ်” လို့ ကျုံဒိုးဒေသ ခံအမျိုးသမီးတဦးက ပြောပါတယ်။

မြဝတီမြို့ကို လက်လွတ်ဆုံးရှုံးထားရတဲ့ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်ကတည်းက ဘားအံဘက် ကနေ မြဝတီမြို့ဘက်ကို စစ်ကူအင်အားအများအပြား စေလွှတ်ခဲ့ပါတယ်။

သံချပ်ကာကားတွေနဲ့ ယန္တရားတပ်တွေပါဝင်တဲ့ စစ်ကောင်စီယာဉ်တန်းတချို့ဟာ ပြီးခဲ့တဲ့ တပတ်လောက်က တည်းက ကော့ကရိတ်မြို့ကို ဖြတ်ကျော်သွားတာရှိပေမယ့် အခုရက်ပိုင်းအတွင်းကော့ကရိတ်မှာတိုက်ပွဲတွေဖြစ် နေတဲ့နောက် ဘားအံဘက်ကနေ စစ်ကောင်စီတပ်တချို့ ကော့ကရိတ်ဘက်ကို ထပ်ပြီးစစ်ကြောင်းထိုးလာတာ လို့သိရပါတယ်။

KNU ဗဟိုကတော့ မြဝတီအထိ ဦးတည်လာတဲ့ စစ်ကောင်စီရဲ့ တပ်ကူစစ်ကြောင်းတွေကို လမ်းကြောင်း တ လျှောက် တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်နေတာကြောင့် အထိနာနေတယ်လို့ မနေ့ကသ တင်း ထုတ်ပြန်ထားပါတယ်။

 မနေ့ကလည်း ကော့ကရိတ်မြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့အကြား ထိတွေ့ပစ်ခတ်မှု တွေ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ ပစ်ခတ်ခဲ့တာကြောင့် သက်တော် ၈၇ နှစ်၊ ဝါတော် ၆၇ ဝါရှိတဲ့ မြို့ဟောင်းကျောင်းထိုင်ဆရာတော်ပျံလွန်တော်မူသွားပြီး အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ တယ် လို့ ဒေသခံတွေက ပြောပါတယ်။

Photo Credit – Social Media