မုပွန်ရဲစခန်းမှာ ရဲတဦးကို ပစ်သတ်ပြီးအချုပ်သားတချို့ထွက်ပြေး

ဧပြီ၊ ၁၉

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ မုပွန်နယ်မြေရဲစခန်းမှ အချုပ်သားလေးဦး ဧပြီလ ၁၇ ရက် နေ့လယ်ပိုင်းက အချုပ်ခန်းဖောက် သေနတ်လုယူကာ ရဲတပ်ဖွဲ့ဝင်တဦးကို ပစ်ခတ်ပြီး ထွက်ပြေးသွားတယ်လို့ ရဲစခန်းနီးစပ်သူနဲ့ ဒေသခံတွေထံမှ သိရပါတယ်။

ခိုးဆိုးလုယက်မှုနဲ့ မုပွန်နယ်မြေရဲစခန်းမှာ အချုပ်ကျနေတဲ့ အချုပ်သားလေးဦးဟာ ဧပြီလ ၁၇ ရက်နေ့မှာ အချုပ်ခန်းခေါင်မိုးပေါက်ကို လက်ကိုင်လွှနဲ့ ဖြတ်တောက်ပြီး လုံခြုံရေးတာဝန်ကျနေတဲ့ ရဲတပ်ဖွဲ့တွေဆီက သေနတ်လုယူကာ ထွက်ပြေးဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

လုံခြုံရေးကင်းစောင့်နေတဲ့ ရဲတပ်ဖွဲ့နှစ်ဦးဆီက သေနတ်လုယူစဉ်မှာ ရုတ်ရင်းဆန်ခတ် ထိုးကြိတ်ခဲ့ရာမှ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သတိမေ့မြောနေတဲ့ အချုပ်သားတဦးကို ပြန်လည် ဖမ်းဆီးခဲ့ပါတယ်။ဒါပေမယ့် ကျန်တဲ့သုံးဦးက  M-16 သေနတ်လုယူကာ ရဲတပ်ဖွဲ့ဝင်တဦးကိုပစ်ခတ် ထွက်ပြေးသွားတာ ဖြစ်ပါတယ်။

“ရဲတပ်ဖွဲ့တွေ ကင်းလှည့်ထွက်တော့ စခန်းမှာ ရဲနည်းနည်းပဲ ကျန်နေတာ အခန်းရဲ့အမိုးပိုင်းမှာ လွှနဲ့ ဖြတ်ကင်းစောင့်နေတဲ့ ရဲနှစ်ဦးစီက သေနတ်လုလိုက်တယ်၊ လုံးရင်းနဲ့ တယောက်က အဲဒီမှာ လဲကျသွားတာ၊ ရဲကိုလည်း သေနတ်နဲ့ပစ်ပြီး သုံးယောက်က ထွက်ပြေးသွားတာ” လို့ မုပွန်နယ်မြေရဲစခန်းနဲ့ နီးစပ်သူတဦးက DNA ကို ပြောပါတယ်။

သေနတ်ပစ်ခတ်ခံရမှုကြောင့် လုံခြုံရေးတာဝန်ကျနေတဲ့ ရဲတပ်ကြပ်ကြီး ထွန်းရှိန်မှာ နဖူးကျည်ဖောက်ဝင်ဒဏ်ရာတချက်နဲ့ ဆေးရုံမှာ ဆေးကုသမှုခံယူနေချိန် သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ထွက်ပြေးလွတ်မြောက်သွားတဲ့ အချုပ်သားသုံးဦးဟာ မုပွန်ရပ်ကွက်နေထိုင်သူတဦးအပါအဝင် အသက်သုံးဆယ်ကျော်အမျိုးသားတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

မုပွန်ရပ်ကွက်အတွင်းနေထိုင်သူဟာ ခိုးမှုနဲ့ မကြာခဏ အချုပ်ကျလေ့ရှိပြီး ရပ်ကွက်နေပြည်သူတချို့ရဲ့ တိုင်တန်းမှုကြောင့် သင်္ကြန်ကာလအတွင်း အချုပ်ခန်းမှာ ချုပ်နှောင်ထားတာ ဖြစ်တယ်လို့ မုပွန်နယ်မြေရဲစခန်းအနီးနေထိုင်တဲ့ ဒေသခံတဦးက ပြောပါတယ်။

“ဒီကောင်လေးက ခဏခဏခိုးတာ၊ သူအဲဒီလိုလုပ်နေလို့ ရပ်ကွက်က ဖမ်းပြီး ဒီသင်္ကြန်ကာလမှာ ခဏထိန်းသိမ်းထားဖို့ ရပ်ကွက်လူကြီးကနေတဆင့်တောင်းဆိုထားတာ၊ အဲဒါ အချုပ်ခန်းမှာ ခေတ္တခဏ ထိန်းသိမ်းထားတာပေါ့၊ အချုပ်မှာလည်း သူပါမှ လေးဦးပဲ ရှိတာ၊ ကျန်တဲ့သုံးဦးကလည်း ခိုးဆိုးလုယက်မှုနဲ့ပဲ” လို့ သူက ပြောပါတယ်။

CCTV မှတ်တမ်းအရ ထွက်ပြေးသွားတဲ့ အချုပ်သားသုံးဦးဟာ စခန်းအနီးရှိ ဆိုင်ကယ်တက္ကစီဂိတ်က ဆိုင်ကယ်သမားကို သေနတ်ထောက်ဆိုင်ကယ်ကို လုယူထွက်ပြေးသွားပြီး သေနတ်ကို လမ်းမှာ ပစ်ထားခဲ့တယ်လို့ ဆိုပါတယ်။

ထွက်ပြေးတိမ်းရှောင်နေတဲ့ အချုပ်သားတွေကို စစ်ကောင်စီတပ်ဖွဲ့တွေက နေအိမ်တချို့မှာ လိုက်လံရှာဖွေတာတွေ ပြုလုပ်နေသလို CCTV မှတ်တမ်းကင်မရာကနေတဆင့် လိုက်လံရှာဖွေနေပေမယ့် ဒီကနေအထိ ပြန်လည်ဖမ်းဆီးရမိတာမျိုး မရှိသေးဘူးလို့ စခန်းနဲ့ နီးစပ်သူက ဆိုပါတယ်။

မော်လမြိုင်မြို့ မုပွန်နယ်မြေရဲစခန်းမှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကလည်း မူးယစ်ဆေးဝါးအမှုနဲ့ ဖမ်းဆီးထားတဲ့ အချုပ်သားလေးဦးထွက်ပြေးလွတ်မြောက်ခဲ့ပြီး တဦးကိုသာ ပြန်လည်ဖမ်းဆီးရမိခဲ့ဖူးပါတယ်။

Photo Credit – Social Media