စက်တင်ဘာ၊ ၁၂
အနောက်နိုင်ငံတွေရဲ့ အရေးယူ ပိတ်ဆို့မှုတွေ တင်းကျပ်ခဲ့တဲ့အပေါ် ရှုတ်ချကြောင်း အီရန်က ကြေညာပြီး ထိထိရောက်ရောက် တုံ့ပြန်သွားမယ်လို့လည်း သတိပေးခဲ့ပါတယ်။
စက်တင်ဘာ ၁၀ ရက်နေ့မှာ အမေရိကန်၊ ပြင်သစ်၊ ဂျာမနီနဲ့ ဗြိတိန်တို့ဟာ အီရန် နိုင်ငံရဲ့ လေကြောင်းသယ်ယူပို့ဆောင်ရေး ကဏ္ဍကို အဓိက အထိနာစေမယ့် အရေးယူ ပိတ်ဆို့မှု အစီအမံ အသစ်တွေကို ကြေညာခဲ့ပါတယ်။ ရုရှားအတွက် အီရန်က တာတိုပစ် ဒုံးကျည်တွေ ထောက်ပံ့ ပို့ဆောင်ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အနောက်မဟာမိတ် နိုင်ငံတွေက အခုလိုမျိုး အရေးယူ ပိတ်ဆို့ခဲ့တာ ဖြစ်ပါတယ်။
နောက်တနေ့မှာတော့ အီရန် နိုင်ငံခြားရေးဝန်ကြီး အဘက်စ် အာရက်ချီက အီရန်ဟာ ရုရှားဆီ ဒုံးကျည်တွေ ပို့ဆောင်ခဲ့တယ် ဆိုတာ မဟုတ်ဘူးလို့ ငြင်းဆိုပြီး အမေရိကန်နဲ့ မဟာမိတ်တွေဟာ ထောက်လှမ်းရေး သတင်းအမှားတွေကို အားကိုးနေတာသာ ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။
နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ နက်ဆာ ကာနီနီကလည်း အမေရိကန်နဲ့ ဥရောပ သုံးနိုင်ငံရဲ့ လုပ်ရပ်ဟာ အီရန်အပေါ် စီးပွားရေးအရ အကြမ်းဖက် တိုက်ခိုက်မှု ပုံစံ တခုသာ ဖြစ်တယ်လို့ စွပ်စွဲပြီး အီရန်ဖက်ကလည်း ထိရောက်တဲ့၊ သင့်တော်တဲ့ တုံ့ပြန်မှုတွေ လုပ်ဆောင်သွားမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
အရေးယူ ပိတ်ဆို့မှု အသစ်တွေကြောင့် အီရန်ရဲ့ အဓိက လေကြောင်းလိုင်းဖြစ်တဲ့ Iran Airဟာ ဥရောပနဲ့ ချိတ်ဆက်ထားတဲ့ ခရီးစဉ်တွေ ပျံသန်း ပြေးဆွဲမှုမှာ အကန့်အသတ်တွေ ကြီးကြီးမားမား ကြုံတွေ့တော့မှာ ဖြစ်ပါတယ်။
ဥရောပ သုံးနိုင်ငံက ရုရှားဆီ အီရန် ဒုံးကျည်တွေ လွှဲပြောင်းပေးမှုမှာ ထဲထဲဝင်ဝင် ကူညီပေးခဲ့တဲ့ ကုမ္ပဏီတွေ၊ စစ်ဘက် အရာရှိတွေကိုလည်း ပစ်မှတ်ထား ပိတ်ဆို့မှုတွေ လုပ်ဆောင်မယ်လို့ ကြေညာထားပါတယ်။
ကာနီနီကတော့ ရုရှားဆီကို အီရန်က ပဲ့ထိန်းဒုံးကျည်တွေ ရောင်းချခဲ့ပါတယ်ဆိုတဲ့ စွပ်စွဲမှုတိုင်းဟာ အခြေအမြစ် မရှိသလို ယုတ္တိ ကင်းမဲ့လွန်းတယ်လို့ တုံ့ပြန်သွားပါတယ်။
CNN သတင်းဌာနကတော့ အီရန်ရဲ့ ဒုံးကျည်တွေ သယ်ဆောင်လာတယ်လို့ ယုံကြည်ရတဲ့ ရုရှား ကုန်တင် သင်္ဘောတစီးဟာ လွန်ခဲ့တဲ့ တပတ်လောက်က ကက်စ်ပီယန် ပင်လယ်နဲ့ ထိစပ်နေရာ ရုရှားဆိပ်ကမ်းမြို့ အော်လ်ယာမှာ ကမ်းကပ် ရပ်နားထားတာကို တွေ့ရှိရကြောင်း ဖော်ပြခဲ့ပါတယ်။
အမေရိကန်က ရုရှားဆီ အီရန် ပေးပို့ခဲ့တာဟာ Fath-360 အမျိုးအစား တာတိုပစ် ဒုံးကျည်တွေလို့ ယုံကြည်ရပြီး ၁၂၀ ကီလိုမီတာလောက် အကွာက စစ်ရေးပစ်မှတ်တွေကို ချေမှုန်းနိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်။ အဲဒီဒုံးကျည်တွေဟာ သီတင်းပတ်တချို့အတွင်း ယူကရိန်း စစ်မြေပြင်မှာ စတင် ဖြန့်ကျက် အသုံးပြုလာတာမျိုး တွေ့ရနိုင်တယ်လို့လည်း အမေရိကန်က ပြောပါတယ်။
အီရန်ဟာ လက်ရှိ အခြေအနေမှာတောင် ကမ္ဘာပေါ်မှာ အရေးယူ ပိတ်ဆို့မှုဒဏ် အခံရဆုံး နိုင်ငံတခုအဖြစ် ရှိနေပါတယ်။ အနောက်နိုင်ငံတွေက အီရန်အပေါ် အရေးယူမှုတွေ တိုးမြှင့်ခြင်းဟာ နိုင်ငံခေါင်းဆောင်တွေထက် နိုင်ငံရဲ့ လူလတ်တန်းစားတွေအပေါ် ပိုပြီး အထိနာစေလိမ့်မယ်ဆိုတဲ့ ဝေဖန် ထောက်ပြမှု တချို့လည်း ထွက်ပေါ်နေပါတယ်။
Ref: Al Jazeera