ထိုင်းနိုင်ငံ၊မဲဆောက်ဘက်ထွက်ပြေးလာတဲ့မြန်မာစစ်ဘေးဒုက္ခသည် ၅၀၀၀ကျော်ရှိပြီ

၂၇၊ ဒီဇင်ဘာလ၊ ၂၀၂၁။

မြဝတီမြို့နယ်၊လေးကေ့ကော်ကို အကြမ်းဖက်စစ်အုပ်စုက ထိုးစစ်ဆင်နေတာကြောင့် သောင်ရင်းမြစ်ကို ဖြတ်ပြီး ထိုင်းနိုင်ငံ၊မဲဆောက်ဘက်ထွက်ပြေးလာသူ မြန်မာစစ်ဘေးဒုက္ခသည် ၅၀၀၀ကျော်ရှိပြီလို့ ဘန်ကောက်ပို့စ်သတင်းကဖော်ပြပါတယ်။

ဒီဇင်ဘာလ ၂၆ရက်နေ့အထိ ထိုင်းနိုင်ငံဘက်ထွက်ပြေးလာသူ ၅၃၅၈ဦးရှိပြီဖြစ်ကြောင်းတာ့ခ်ပြည်နယ် အုပ်ချုပ်ရေးမှူး Somchai Kitcharoenrungroj က ပြောတယ်လို့ဆိုပါတယ်။

မြန်မာစစ်ဘေးဒုက္ခသည်တွေအတွက်စားနပ်ရိက္ခာနဲ့ဆေးဝါးတွေပြင်ဆင်ထားဖို့ ထိုင်းဝန်ကြီးချုပ်ကညွှန်ကြား ထားသလို မဲဆောက်နဲ့ Phop Phra ဒေသကို ရောက်လာတဲ့ ဒုက္ခသည်တွေကို သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူတွေက လူသားချင်းစာနာမှု အကူအညီတွေ ပေးနေတယ်လို့လည်း သိရပါတယ်။

မြန်မာအကြမ်းဖက်စစ်တပ်ကပစ်လွှတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ ထိုင်းနိုင်ငံဘက်ခြမ်းကို ကျရောက် ပေါက်ကွဲမှုတွေလည်းရှိခဲ့ပါတယ်။

တာ့ခ်ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့ကလည်း ဒေသခံတွေ နယ်စပ်နားမသွားဖို့ သတိပေးချက်ထုတ်ပြန်နေသလိုနယ်စပ်တလျှောက် လုံခြုံရေး တိုးမြှင့် ကင်းလှည့်ဖို့ပါ အမိန့်ထုတ်ပြန်ထားတယ်လို့ ဘန်ကောက်ပိုစ့်က ဖော်ပြပါတယ်။

အကြမ်းဖက်စစ်တပ်ဟာဒီနေ့မနက်၄နာရီလောက်ကစပြီး မယ့်ထော်သလေးကျေးရွာကို၂နာရီကျော်ကြာ ဆက်တိုက်ဆိုသလို ပစ်ခတ်ခဲ့တယ်လို့ Delta News Agency ရဲ့ မြေပြင်ကင်းထောက်ကဆိုပါတယ်။

‘အခု မယ့်ထော်သလေးမှာရော မယ်ဝါးခီးမှာရော အရပ်သားတွေမရှိသလောက်ဖြစ်ကုန်ပြီ၊များသောအား ဖြင့် သောင်ရင်းမြစ်ကမ်းနားကဖလူးဘက်နဲ့ ထိုင်းဘက်ရောက်နေကြတယ်။ဖလူးဘက်ခြမ်းအထိစစ်တပ်ဝင်လာရင် တော့ ထိုင်းဘက် ဒုက္ခသည်တွေ ထပ်ရောက်နိုင်ပါတယ်’လို့ ဖလူးဘက်ရောက်နေတဲ့ တက်ကြွလှုပ်ရှားသူတစ် ဦးကပြောပါတယ်။