မန္တလေးတောင်ခြေက ခလရ ၉၁၀ တပ် ဗုံးသီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ

မေ၊ ၂၇
 
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် မန္တလေးတောင်ခြေက စစ်အုပ်စုရဲ့ ခလရ ၉၁၀ (GE တပ်) အတွင်းကို ဒီကနေ့မနက်ပိုင်းက ၄၀ မမ လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ နတ်ဆိုး (မြေအောက်တော်လှန်ရေးတပ်ဖွဲ့) တာဝန်ခံ ဗိုလ်နတ်ဆိုး က DNA ကိုအတည်ပြုပြောပါတယ်။
 
ဒီကနေ့ မနက် ၈ နာရီလောက်မှာ မန္တလေးမြို့လယ်ခေါင်က အဲဒီတပ်ကို လုံခြုံရေး အထပ်ထပ်ချထားတဲ့ကြားက ၄၀ မမ ဗုံးသီးနှစ်လုံးနဲ့ ပစ်ခတ်နိုင်ခဲ့တာလို့ သူကဆိုပါတယ်။
 
” အဓိကရည်ရွယ်ချက်ကတော့ မြို့ပြနေပြည်သူတွေပေါ့၊ ခုလိုလုပ်ဆောင်မှုတွေ မရှိတော့ တချို့ဆို စကစရဲ့ရက်စက်စွာသက်ဖြတ်နေတာတွေ၊ ဖိနှိပ်နေတာတွေကို မထီမဲ့မြင်ပြုနေတာတွေ လျှော့ချနိုင်အောင်နဲ့ နယ်မြေအရပ်ရပ်က စစ်မျက်နှာပြင်တွေပေါ် အင်အားအလုံးရင်းနဲ့ ထိုးစစ်ဆင်တာတွေကို အနည်းငယ်လျော့ကျပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ တိုက်ခိုက်ခဲ့တာဗျ ” လို့ ဗိုလ်နတ်ဆိုးက ပြောပါတယ်။
 
နတ်ဆိုး (မြေအောက်တော်လှန်ရေးတပ်ဖွဲ့) က ထုတ်ပြန်ထားတဲ့ ရုပ်သံမှတ်တမ်းတွေအရ ခလရ ၉၁၀ တပ်ရဲ့ အနီးတနေရာကနေတဆင့် တပ်ထဲကို ၄၀ မမ နဲ့ ပစ်ခတ်နေတာကို တွေ့မြင်ရသလို ကျရောက်ပေါက်ကွဲသံတွေကိုလည်း ကြားရပါတယ်။
 
” သူတို့ (စစ်အုပ်စု)အတွက် ဘန်ကာတွေကိုသာ ခိုင်လုံအောင်ဆောက်ထားဖို့ပဲ ပြောချင်ပါတယ်၊ ကျွန်တော်တို့တွေ သူတို့နဲ့အနီးဆုံးမှာရှိနေတယ်ဆိုတာ ဒါသက်သေပြလိုက်တာပါပဲ၊ လုံခြုံရေးအထပ်ထပ်နဲ့ ထိန်းချုပ်ထားတဲ့ မြို့ပြတပ်စခန်းကိုတောင် မင်းတို့ကာကွယ်နိုင်လားလို့ပဲ မေးချင်ပါတယ် ” လို့ ဗိုလ်နတ်ဆိုးက ဆိုပါတယ်။
 
အဲ့ဒီတိုက်ခိုက်မှုကို နတ်ဆိုး (မြေအောက်တော်လှန်ရေးတပ်ဖွဲ့)နဲ့အတူ ပြင်ဦးလွင်ခရိုင် PDF အမှတ် ၁ တပ်ရင်း တပ်ခွဲ ၁ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုမှာပါဝင်ခဲ့သူတွေကတော့ လက်ရှိမှာ လုံခြုံတဲ့နေရာကို ရောက်နေကြပြီလို့ သိရပါတယ်။
 
ဒီကနေ့တိုက်ခိုက်ခံရတဲ့ ခလရ ၉၁၀ တပ်ဟာ စစ်အုပ်စုရဲ့ ခဲယမ်းမီး‌ကျောက်တပ်တခုဖြစ်သလို အလယ်ပိုင်းတိုင်းစစ်ဌာနချူပ် တပ်စွဲထားတဲ့ မန္တလေးနန်းတွင်းနဲ့ အနီးကပ်ဆုံးနေရာမှာ ရှိတယ်လို့ မန္တလေးဒေသခံတွေက ပြောပါတယ်။
 
” အဲဒီတပ်က တော်တော်လည်းကျယ်တယ်၊ တောင်ခြေအဝင်ပေါက်လမ်းကတော့ ပိတ်ထားတာကြာပြီ၊ လုံခြုံရေးတော့ အတော်များတယ်၊ အရှေ့မြို့ပတ်လမ်းကပဲ သွားလို့ရတယ်၊ ကျွန်တော့်အထင်တော့ မြို့ထဲကတပ်ကို တိုက်ခိုက်ခံရတာ ပထမဆုံးဖြစ်မယ် ” လို့ အသက်သုံးဆယ်အရွယ် မန္တလေးမြို့ခံတဦးက ပြောပါတယ်။
 
အဲဒီတိုက်ခိုက်မှုနဲ့ပက်သက်ပြီး ထိခိုက်မှုအခြေအနေကို မသိရသေးသလို စစ်ကောင်စီဘက်ကလည်း ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ တစုံတရာထုတ်ဖော်ပြောဆိုတာမျိုး မရှိသေးပါဘူး။
 
ဓာတ်ပုံ – ဗိုလ်နတ်ဆိုး