ဂန့်ဂေါ-ကလေးလမ်းပိုင်းမှာ PDB – YDF Battalion အဖွဲ့က ‌လုံခြုံရေးယူစစ်ဆေးနေ

ဓာတ်ပုံ- PDB – YDF Battalion
စစ်ကိုင်းတိုင်း ဂန့်ဂေါ-ကလေးလမ်းပိုင်းမှာ ပျူစောထီးကျေးရွာတွေကို ဆေးဝါးနဲ့ရိက္ခာတွေ ခိုးယူသယ်ဆောင်ဖို့ မရှိစေဖို့နဲ့ စစ်အုပ်စု ထုတ်ကုန်တွေကို သယ်ယူရောင်းဝယ်တာတွေ မရှိစေဖို့ PDB – YDF Battalion အထူးတိုက်ခိုက်ရေး ဒရုန်းတပ်ဖွဲ့နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ နေ့စဉ် စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဒီကနေ့ ဧပြီလ ၂၉ရက်နေ့မှာ သတင်းထုတ်ပြန်လာပါတယ်။
နယ်မြေစိုးမိုးနိုင်ရေးအတွက် လမ်းကြောင်းရှင်းလင်းရေး လုပ်ဆောင်မှုတွေကိုလည်း ဆက်တိုက်လုပ်ဆောင်နေပြီး ဂန့်ဂေါ-ကလေး လမ်းပိုင်းမှာ သွားလာနေတဲ့ ယာဉ်တွေကိုလည်း နေ့စဉ်စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ အထူးတိုက်ခိုက်ရေး ဒရုန်းတပ်ဖွဲ့ PDB – YDF Battalionက ဆိုပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုက အင်တာနက်တွေဖြတ်တောက်ပြီး အင်အားအလုံးရင်းနဲ့ စစ်ကြောင်းထိုး တိုက်ခိုက်နေပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ မြေပြင်ထိန်းချုပ်ထားနိုင်တဲ့ နေရာတွေ များလာပြီလို့ သိရပါတယ်။