ကျုံဒိုးမှာ စစ်ကောင်စီတပ်စွဲထားတဲ့နေရာအနီးက ဒေသခံငါးရာခန့် ရွှေ့ပြောင်းပေးခဲ့ရ

ဧပြီ၊ ၂၆
 
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့ပေါ်က စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တွေ တပ်စွဲထားတဲ့ နေရာအနီးပတ်ဝန်းကျင်မှာ နေထိုင်တဲ့သူတွေကို အတင်းအကြပ်ရွေ့ပြောင်းနေထိုင်ခိုင်းလို့ ဒေသခံငါးရာခန့် ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ မြို့ခံတွေထံမှ သိရပါတယ်။
 
“ တပတ်လောက်ရှိပြီ ဒီလို ပြောလာတာလေ။ သူတို့က မြို့ပေါ်မှာ တိုက်ပွဲဖြစ်ရင် တာဝန်မယူဘူး။ အဲဒါကြောင့် ရဲစခန်းအနားတို့၊ ကမ်းနားတို့၊ လမ်းမတန်းတလျှောက်မှာ နေတဲ့သူတွေ ဘေးလွတ်တဲ့နေရာကို အမြန်ပြောင်းထားကြဖို့ ပြောတယ် ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
စစ်ကောင်စီလက်အောက်ခံတပ်နဲ့ နယ်ခြားစောင့်တပ် (BGF)တွေက ကျုံဒိုးမြို့ပေါ်က ဌာနဆိုင်ရာရုံးတွေနဲ့ နေရာအနှံ့မှာ အင်အားအများအပြားနဲ့ တပ်စွဲထားတာဖြစ်ပြီး မြို့မရဲစခန်းနဲ့ လမ်းမကြီးတလျှောက်က နေအိမ်မှာ နေထိုင်ကြတဲ့သူတွေကို ခြိမ်းခြောက်ပြောဆိုတာတွေ ပြုလုပ်ကာ အမြန်ဆုံးပြောင်းရွှေ့နေထိုင်ကြဖို့ကို ပြောဆိုခဲ့တာဖြစ်တယ်လို့ မြို့ခံတဦးက ပြောပါ တယ်။
 
လက်ရှိ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ အတင်းအကြပ်ဖိအားပေးမှုတွေကြောင့် ကျုံဒိုးမြို့ပေါ်က ဒေသခံ ငါးရာနီးပါးဟာ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ဒေသခံတွေက ပြောကြပေမယ့် အိမ်ခြေဘယ်လောက်ရှိတယ်ဆိုတာတော့ တိတိကျကျမသိရပါဘူး။
 
ယခင်က စစ်ရှောင် နေရသူ ၁၅၀၀ ခန့်အပါအဝင် ဒေသခံ၂၀၀၀ ကျော်ဟာ မြို့ပြင်က စာသင်ကျောင်းတွေ၊ ဘုန်းတော်ကြီးကျောင်းတွေနဲ့ နီးစပ်ရာဆွေမျိုးနေအိမ်တွေမှာ တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
 
“ အဲဒီအထဲက သူ့အစီအစဉ်နဲ့ တခါတည်းအပြီးရှောင်သွားတဲ့သူတွေလည်း ရှိတယ်။ တချို့ကျတော့ မြို့ထဲမှာ ဆိုင်တွေ ဖွင့်တာမျိုးတွေ ရှိတယ်လေ။ အဲခါကျတော့ သူတို့ဆို နေ့ပိုင်းဆိုင်ဖွင့်၊ ညနေဆိုင်ပိတ်၊ တိမ်းရှောင်နေတဲ့ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတို့ကို ပြန်၊ အဲလိုမျိုးတွေ လုပ်နေရတာ ပေါ့လေ။ ဒီလိုမှ မလုပ်ရင် အဆင်မပြေနိုင်ဘူးလေ။ အားလုံးကို ကြောက်နေရတာ ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
လက်ရှိ စစ်ရှောင်ပြည်သူတွေအတွက် နေထိုင်စားသောက်ဖို့ကို နယ်ခံတွေနဲ့ အလှူရှင်တွေရဲ့ အကူအညီနဲ့ ဖြေရှင်းနေရပြီး စားနပ်ရိက္ခာအကူအညီတွေလည်း လိုအပ်မှုရှိတယ်လို့ ဆိုပါတယ်။
 
ကျုံဒိုးမြို့မှာဆိုရင် ပြီးခဲ့တဲ့ မတ်လ ၂၅ ရက် နံနက်ပိုင်းကစတင်ပြီး စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့နဲ့ Lion Battalion Commando – ဗျူဟာစစ်ကြောင်း၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူပေါင်းတပ်ဖွဲ့တို့ဟာ မတ်လ ၂၆ ရက်နေ့အထိ ထိတွေ့တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့တာပါ။
 
အဲဒီနောက်ပိုင်းကစပြီး ကျုံဒိုမြို့ပေါ်မှာ စစ်ကောင်စီဘက်က စစ်သား၊ နယ်ခြားစောင့်တပ် (BGF)တို့က အင်အားဖြည့်တင်းထားပြီး မြို့ပေါ်မှာတော့ ထိတွေ့မှု ဖြစ်ပွါးတာမရှိပေမယ့် တခါတရံ ကျုံဒိုးမြို့ပြင်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာမျိုး ရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
 
ဒါ့အပြင် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တွေက ညဘက်လှည့်ကင်းထွက်ရာမှာ သေနတ်ပစ်ဖောက်တာတွေ နေ့စဉ်နဲ့အမျှ ပြုလုပ်နေတာကြောင့် မြို့ခံတွေကလည်း စိုးရိမ်ကြောက်လန့်နေရသလို ယခုလိုမျိုး ရုတ်တရက်နေရာပြောင်းရွေ့ခိုင်းတဲ့ အခြေအနေတွေကြောင့်လည်း ကျုံဒိုးမြို့မှာ ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားလာမှာကို ဒေသခံတွေက စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
 
“ အခုက သူတို့က နေ့တိုင်းသေနတ်လိုက်ပစ်နေတာ၊ ညကြီးအချိန်မတော်၊ ကင်းတွေလည်း နေ့တိုင်းလှည့်နေတာပါ၊ ဒီပုံစံအတိုင်းပေါ့၊ အခုလည်း ချက်ချင်းကြီး ရုတ်တရက်ပြောင်းခိုင်းတော့ ကိုယ့်ရဲ့မြို့ဟာ စစ်သလင်းဖြစ်လာမှာလည်း စိုးရိမ်တယ်၊ တိုက်ပွဲထပ်ဖြစ်မှာလည်း ကြောက်တာပေါ့နော်။ ဒီလိုဖြစ်လာရင် နောက်ဆက်တွဲ ဆိုးကျိုးတွေ အများကြီး ခံစားရအုန်းမယ်၊ ဟိုတလောကလည်း ဖြစ်ထားတာ ကိုယ်တွေ့ ကြုံတွေ့ခဲ့ရတော့ အားလုံးကတော့ စိုးရိမ်နေကြတာပေါ့ ” လို့ ပြောပါတယ်။
 
ကျုံဒိုးမြို့မှာ မတ်လအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာဆိုရင် စစ်ကောင်စီဘက်က လေကြောင်းပစ်ကူပါ အသုံးပြုတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၄ ဦးထက်မနည်း သေဆုံးကာ ၅ ဦးခန့်ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
 
အရပ်သား နေအိမ် ၅၀ ကျော်မီးလောင်တာနဲ့ နေအိမ်အတွင်းက တန်ဖိုးကြီးပစ္စည်းပျက်စီးဆုံးရှုံးတာတွေ ဖြစ်ပေါ်ခဲ့သလို ဒေသခံထောင်နဲ့ချီကလည်း ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ 
ဓာတ်ပုံ – Social Media
ပုံစာ – ကျုံဒိုးမြို့က စစ်ရှောင်များ (ပုံဟောင်း)