တမူးမြို့မှာ လူသိများတဲ့ ပျူစောထီးတဦး ပစ်သတ်ခံရ

တမူးမြို့၊ မြို့မ (၁၂) ရပ်ကွက်မှာ နေထိုင်ပြီး ပျူစောထီးအဖြစ် လူသိများတဲ့ ဦးဇော်မြင့်ကို ဒီဇင်ဘာ (၂၇) ရက် ညနေပိုင်းက တမူးမြို့အရှေ့ပိုင်းက စျေးဆိုင်တဆိုင်အနီးမှာ အမည်မသိအဖွဲ့တဖွဲ့က ပစ် သတ်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

တမူးမြို့အရှေ့ဘက် ဟဲဇင်းကျေးရွာ၊ ပိတောက်မြိုင်၊ ကွမ်းယာဆိုင်အနီး‌က မောင်ဦးဓါတ်ဆီဆိုင်မှာဆီဖြည့်ပြီးနားနေချိန် အနီးကပ်တေ့ပစ်ခံရတာ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“သေနတ်သံကကျယ်တော့ မကျယ်ဘူး၊ ကြားတော့ ကြားလိုက်တယ်၊ လူငယ်အဖွဲ့တဖွဲ့က လာပစ်သွားတာ၊ ဘယ်အဖွဲ့လဲတော့ မသိဘူး၊ ဟိုဘက်ကမ်း (အိန္ဒိယဘက်) က ကလေးတွေလားမသိဘူး” လို့ တမူးမြို့ခံတဦးက ပြောပါတယ်။

တမူးမြို့ဟာ နယ်မြေကျယ်ပြန့်တဲ့ မြို့မဟုတ်ပေမယ့် အိန္ဒိယနိုင်ငံနဲ့ထိစပ်နေတဲ့ နယ်စပ်မြို့ဖြစ်လို့ တဘက်နိုင်ငံထဲကနေ ဝင်လာသူတွေကို မသိနိုင်ဘူးလို့ သူကဆိုပါတယ်။ အဲ့ဒီပစ်ခတ်မှုဟာ ပျူစောထီး အဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်တယ်လို့လည်း မြို့ခံတွေကြား သတင်းပျံ့နေပါတယ်။

ဦးဇော်ဝင်းမြင့်ဟာ ပစ်ခတ်ခံရတဲ့နေရာမှာပဲ သေဆုံးသွားပြီး သူ့ရဲရုပ်အလောင်းကို နာရေးကူညီမှုအ ဖွဲ့က ကားတစီးနဲ့ လာရောက်သယ်ယူသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီပစ်ခတ်မှုဖြစ်ပြီးနောက် ပျူစောထီးတွေဟာ ပစ်ခတ်မှုဖြစ်တဲ့ ရပ်ကွက်ထဲ အုပ်စုလိုက် ကင်းလှည့် တာတွေ လုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ပစ်သတ်ခံရတဲ့ ဦးဇော်မြင့်ဟာ တမူးမြို့က စစ်​ကောင်စီတပ်ရင်းမှူးရဲ့ လူယုံတဦးဖြစ်တယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

“သူက လက်နက်လေးဘာလေးကိုင်ပြီး လိုင်းကြေးကောက်တာမျိုးတော့ ရှိတယ်ဗျ၊ ဘယ်လိုချိတ်တွေရှိတယ်ဆိုတာတော့ အတိအကျမသိဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။

ဒီကနေ့ဒီဇင်ဘာ ၂၈ ရက်နေ့မနက်ပိုင်းကလည်း တမူးမြို့မစျေးအနီးမှာ ဆိုင်ကယ်စီးနေတဲ့ လူငယ် တဦးကို မြို့ခံပျုစောထီးတဦးက လိုက်လံပစ်ခတ်မှုဖြစ်ခဲ့ပေမယ့် ပစ်မှတ်ထားခံရသူဟာ ထိခိုက်မှုမရှိဘဲ လွတ်မြောက်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။