တမူးက ပျူစောထီးမိသားစုတွေ စစ်တပ်ဝန်းထဲ ဝင်ပုန်းနေ

စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ အိန္ဒိယနိုင်ငံသား ၂ ဦးကို သတ်ခဲ့တဲ့ ပျူစောထီးတွေရဲ့ မိသားစုဝင်တွေဟာ မြို့အဝင်သစ်စက်ကုန်းမှာ ရှိတဲ့ ခလရ ၈၉ ထဲကိုဝင်ပုန်းနေရတယ်လို့ စစ်တပ်အတွင်းသတင်းပေးတဦးက DNA ကိုပြောပါတယ်။
“လူသတ်ပျူမိသားစုတွေကို ခွေးတပ်ကုန်းမှာခေါ်ထားကြရတယ်။ စော်ဘွားအင်းရပ်ကွက်ထဲက ခလရ ၈၉”လို့ ပြောပါတယ်။
ဇူလိုင် ၅ ရက်နေ့က တမူးမြို့ထဲမှာ အိန္ဒိယနိုင်ငံသား နှစ်ဦးကို ပျူစောထီးတွေက သေနတ်နဲ့ပစ်သတ်ပြီး မိသားစုဝင်တွေကို ရုပ်အလောင်းပြန်မပေးပဲ သဂြိုလ်လိုက်တဲ့အတွက် နှစ်နိုင်ငံ နယ်စပ်အကြား အခြေအနေတွေတင်းမာခဲ့တာ ဖြစ်ပါတယ်။
“အခုတော့ မိုရေး(အိန္ဒိယနိုင်ငံ)ဘက်က ၁၄၄ ဖြုတ်လိုက်ပြီ ၊တမီလ်လူမျိုးတွေကျေနပ်အောင် အိန္ဒိယအစိုးရက နစ်နာကြေးပေးပြီး ပြေငြိမ်းအောင်လုပ်တယ်။ စစ်တပ်ဘက်က အရိုးပြာအပ်ပေးတယ် ၊ အစစ်ဟုတ်မဟုတ်တော့ မသိဘူးလို့” ဒီချုပ်ပါတီရဲ့ တမူးအမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးထန်ဆေးက ပြောပါတယ်။
လက်ရှိမှာ နှစ်နိုင်ငံ တစ်ဖက်နဲ့တစ်ဖက် ကုန်ပစ္စည်းကလွဲလို့ လူဝင်ခွင့်ထွက်ခွင့်မပြုသေးတာ၊ တမူးမြို့ဝန်းကျင်မှာ နေ့စဥ်နှင့်အမျှ ပစ်ခတ်မှုတွေရှိနေတာကြောင့် ဒေသခံတွေအနေနဲ့ စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
” မြို့ပြင်ကိုတော့ တောင်ဘက်ကိုရော၊ မြောက်ဘက်ကိုရော ဘယ်သူမှမထွက်ကြဘူး။ မြို့တွင်းမှာတော့ မနက်ပိုင်းလောက်ပဲ သွားလာကြတယ်။ လူတွေထိတ်လန့်နေကြတာပေါ့။ မြို့ကလည်းကျဥ်းတယ်။ လမ်းကလည်း အဓိကနှစ်လမ်းရှိတာဆိုတော့ ပစ်ခတ်မူတွေဖြစ်လာရင်ရှောင်ဖို့မလွယ်ဘူး” လို့ ဆိုပါတယ်။
တမူးမြို့အစွန်နဲ့အနီးဝန်းကျင်းမှာ ပစ်ခတ်မှုတွေဟာ ညနေပိုင်းအချိန်တွေမှာ နေ့စဥ်နဲ့အမျှ ဖြစ်ပွားနေတာကြောင့် ပြည်သူတွေအနေနဲ့ ညနေခင်းပိုင်းမှာ အိမ်ကနေမထွက်ကြဖို့ကိုလည်း PDF- Tamu တပ်ရင်း -၄ ကလည်း ထုတ်ပြန်ထားပါတယ်။
“ကိုယ့်ဘက်မှာ လူမရှိရင်၊ သူတို့ဘက်ကလည်း ဘယ်စည်မလဲဗျ။ တစ်ဖက်နဲ့တစ်ဖက်က ဆက်စပ်နေတဲ့ဥစ္စာ။ ပစ္စည်းတွေသယ်တဲ့ ကယ်ရီသမားအနည်းငယ်လောက်ပဲရှိတယ်” လို့ တမူးမြို့ခံ ကုန်သည်တစ်ဦးကလည်း ပြောပါတယ်။
နယ်စပ်မှာ တင်းမာမှုတွေဖြစ်ခဲ့တာကြောင့် အိန္ဒိယနိုင်ငံဘက်မှာ စစ်ဘေးရှောင်နေကြရတဲ့ မြန်မာနိုင်ငံသားတွေလည်း အနေအထိုင် ကျဥ်းကြပ်နေကြတယ်လို့ စစ်ဘေးရှောင်တွေနဲ့ ဆက်သွယ်မှုရှိတဲ့ တမူးမြို့ခံတစ်ဦးက ပြောပါတယ်။
“အစက သူတို့ကိုပြန်ပို့မလိုလိုတောင် သတင်းတွေထွက်နေတော့ သူတို့လည်းလန့်တာပေါ့။ နယ်စပ်တစ်လျောက် အိန္ဒိယ စစ်တပ်က ကွန်မန်ဒိုတွေချထားတော့ ပိုလန့်ကြတာပေါ့။ နေတဲ့နေရာမှာပဲ ကုပ်နေကြရတယ်” လို့ပြောပါတယ်။
အခုလို နှစ်နိုင်ငံနယ်စပ်မှာတင်းမာမှုတွေဖြစ်ခဲ့တာကြောင့် အိန္ဒိယနိုင်ငံဘက် မိုးရေးမှာတော့ လူငါးဦးထက်ပိုမစုရ ၁၄၄ အမိန့်ကို ဇူလိုင် ၆ရက်နေ့က ထုတ်ပြန်ခဲ့ပေမယ့် ဇူလိုင် ၉ရက်နေ့မှာ ပြန်လည်ရုပ်သိမ်းသွားခဲ့တာပါ။