အမေရိကန်နဲ့အစ္စရေးတို့ရဲ့ လေကြောင်းရန် ကာကွယ်ရေး သဘောတူညီချက်အပေါ် အီရန်ကန့်ကွက်

Photo – AP

အမေရိကန်နဲ့အစ္စရေးတို့ရဲ့ လေကြောင်းရန် ကာကွယ်ရေး သဘောတူညီချက် အစီအစဉ်တွေဟာ ဒေသတွင်းတင်းမာမှုတွေကိုသာ တိုးလာစေမှာဖြစ်တယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၉ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

အီရန်နိုင်ငံရဲ့ မောင်းသူမဲ့လေယာဉ်နဲ့ဒုံးကျည်တွေရဲ့ ခြိမ်းခြောက်မှုကို တုန့်ပြန်ဖို့အတွက် အာရပ်နိုင်ငံတွေနဲ့ ပူးတွဲကာကွယ်ရေးသဘောတူညီချက်ရရှိဖို့ အမေရိကန်နဲ့အစ္စရေးတို့က လုပ်ဆောင်နေတာဖြစ်ပါတယ်။

“ဒေသတွင်း နိုင်ငံခြားသားတွေ ဝင်ရောက်လာတာဟာ လုံခြုံရေးနဲ့တည်ငြိမ်ရေးကို မဖန်တီးနိုင်ဘဲ တင်းမာမှုနဲ့ ဒေသတွင်း စိတ်ဝမ်းကွဲတာတွေရဲ့ အဓိကအကြောင်းရင်းပဲ ဖြစ်လာမယ်” လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nasser Kanaani က ပြောကြားခဲ့ပါတယ်။  

အီရန်ရဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်တဲ့နေရာမှာ ဒေသတွင်းခေါင်းဆောင်တွေနဲ့ လေကြောင်းရန်ကာကွယ်ရေး စွမ်းရည်တွေ ပေါင်းစပ်ဖို့ အမေရိကန်တာဝန်ရှိသူတွေ ဆွေးနွေးနေတယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ John Kirby က ဇူလိုင်လ ၇ရက်နေ့မှာ ပြောထားပါတယ်။

ဒါပေမယ့် အီရန်ဘက်ကတော့ အမေရိကန်ဟာ အီရန်အပေါ် ကြောက်ရွံ့စေဖို့နဲ့ ဒေသတွင်း နိုင်ငံတွေအကြား ကွဲပြားစေဖို့ ရည်ရွယ်ချက်နဲ့ ခုလိုကိစ္စရပ်တွေကို လုပ်ဆောင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။