ကိုဗစ်ကာလအတွင်း ချမှတ်ထားတဲ့ ခရီးသွားကဏ္ဍကန့်သတ်ချက်တချို့ကို အမေရိကန် ဖြေလျှော့မယ်

၁၃၊ အောက်တိုဘာလ၊ ၂၀၂၁။

အမေရိကန် ပြည်ထောင်စုဟာ ကိုဗစ်ကာလအတွင်းချမှတ်ထားတဲ့ ခရီးသွားကဏ္ဍကန့်သတ်ချက်တချို့ကို ဖြေလျှော့ပေးသွားတော့မှာဖြစ်ပါတယ်။

ဒီဖြေလျှော့မှုမှာ ကနေဒါနဲ့ မက္ကဆီကို နယ်စပ်ကနေ ဝင်ရောက်သွားလာမှုတွေက အဓိက ပါဝင်မှာဖြစ်တာကြောင့် လာမယ့် နိုင်ဝင်ဘာလဆန်းလောက်ကနေစတင်ပြီး အဲ့ဒီက ခရီးသွားဧည့်သည်‌တွေကို အမေရိကန်က ဝင်ခွင့်ပေးသွားတော့မှာပဲဖြစ်ပါတယ်။

ဒါပေမဲ့ နယ်စပ်ကနေ ဝင်ရောက်လာမယ့် ခရီးသွားတွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေး အပြည့်အဝ ထိုးထားပြီးသူတွေ ဖြစ်ဖို့ လိုအပ်ပါတယ်။

အမေရိကန် ပြည်ထောင်စုဟာ ၂၀၂၀ ခုနှစ် မတ်လကတည်းက ကနေဒါနဲ့ မက္ကဆီကို နယ်စပ်တွေကို ကိုဗစ်ကန့်သတ်ချက်နဲ့ ခရီးသွားလာခွင့် ပိတ်ပင်ထားခဲ့တာပါ။

အမေရိကန်ရဲ့ ကိုဗစ်ကန့်သတ်ချက်တွေကြောင့် နိုင်ငံတွင်း ခိုလှုံဝင်ရောက်မယ့် ဒုက္ခသည်တွေ‌အပြင် မိသားစုနဲ့ အဆက်အသွယ် ပြတ်ခဲ့ရတဲ့ လူပေါင်းများစွာဟာ အခက်အခဲပေါင်းစုံနဲ့ ကြုံတွေ့ခဲ့ရသလို စီးပွားရေးတွေလည်း ထိခိုက်ခဲ့ရပါတယ်။

“ကူးစက်ရောဂါစကတည်းက နယ်စပ်ပိတ်ပင်မှု ကန့်သတ်ချက်တွေကြောင့် နယ်စပ်ဖြတ်ကျော်အသိုင်းအဝိုင်းအားလုံး စီးပွားရေးအကျပ်အတည်းတွေ ခံစားခဲ့ရပါတယ်။ ဒါတွေအားလုံး အဆုံးသတ်ခါနီးပြီ”လို့ အထက်လွှတ်တော်ဒီမိုကရက်တစ်ခေါင်းဆောင် ချက်ရှူမာက အသိပေးကြေညာခဲ့ပါတယ်။

အခုအခါမှာ သမ္မတ ဘိုင်ဒမ်အစိုးရက ခွင့်ပြုပေးမယ့် ဒီဖြေလျှော့မှုအတွက် ရက်အတိအကျကိုတော့ မကြာခင်မှာ ကြေညာပေးသွားမှာဖြစ်ပြီး လက်ရှိမှာတော့ နိုဝင်ဘာလအစောပိုင်းမှာ ခွင့်မယ်လို့သာ ကနဦး သိရှိရပါတယ်။