မှားယွင်းပစ်ခတ်မိလို့ သေဆုံးသွားတဲ့ ကလေးငယ်မိခင်ကို လောင်းလုံးPDFတောင်းပန်

တနင်္သာရီတိုင်း ၊ လောင်းလုံးမြို့နယ် ဝေဒီကျေးရွာက ဦးကျော်ဟိန်းရဲ့ အိမ်မှာ LLPDF က ဝင်ရောက်ပစ်ခတ်ခဲ့ရာမှာ ၇ နှစ်အရွယ်ကလေးငယ်တဦး သေဆုံးသွားခဲ့ပြီး ဒီဖြစ်စဉ်အတွက် LLPDF က ဆက်သွယ်တောင်းပန်လာတယ်လို့ မိခင်ဖြစ်သူက DNA ကိုပြောပါတယ်။
“အိမ်ကို ပထမဆုံး စုံစမ်းတုန်းက ကလေးမရှိဘူးလို့ သိထားတဲ့အတွက် လာတာ ၊ တကယ်ဝင်ပစ်တော့ ကလေးရှိနေပြီး မတော်တဆ ပစ်ခဲ့မိတဲ့အတွက် စိတ်မကောင်းဘူး ကျေနပ်တဲ့အထိ တောင်းပန်ပါတယ်လို့ လောင်းလုံပီဒီအက်တွေက ပြောပါတယ်။ NUG ကိုတော့ မတိုင်ချင်တော့ဘူး ၊ ဖြစ်ချိန်တန်လို့ ဖြစ်သွားတယ်ပဲ သဘောထားပါတယ်”လို့ ဆိုပါတယ်။
( မိခင်ဖြစ်သူမှာ ထားဝယ်ဘာသာစကားနဲ့ ပြောခဲ့ပြီး DNA က အနီးစပ်ဆုံးဖြစ်အောင် ပြန်ရေးထားပါတယ်။)
ဦးကျော်ဟိန်းကို ဒလန်အဖြစ် စွပ်စွဲမှုတွေ ရှိနေသလို ၊ သူတို့နဲ့လည်း ပုဂ္ဂလိက ဆက်ဆံရေးအရ မသင့်မြတ်ပေမယ့် သူတို့တိမ်းရှောင်နေရချိန်မှာ ကလေးကို ဘေးလွတ်ရာ ပို့ထားမိခဲ့ရာကနေ အခုလို ဖြစ်သွားတာလို့ မိခင်ဖြစ်သူက ရှင်းပြပါတယ်။
သေဆုံးခဲ့တဲ့ ကလေးငယ်ဟာ သားသမီးသုံးဦးထဲမှာ အလတ်ဖြစ်ပြီး ၊ သူနဲ့အတူ ၄ နှစ် သမီးတယောက်ကို ခေါ်ပြီး ရှောင်တိမ်းနေရတဲ့အတွက် သမီးအလတ်ကို အမအိမ် ၊ အကြီးဆုံးကလေးကို အဖိုးအဖွားတွေအိမ်မှာ အပ်နှံထားစဉ် အခုလို မှားယွင်းပစ်ခတ်ခံရတာလို့ ပြောပါတယ်။
အခုဖြစ်စဉ်အတွက် ကာယကံရှင် မိသားစုဘက်က တိုင်ကြားမှု မလုပ်ပေမယ့် Democracy Movement Strike Committee -Dawei အဖွဲ့ကတော့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ကိုတိုင်ကြားထားတယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့ကလည်း အဲ့လိုနောက်မဖြစ်အောင်၊နစ်နာသွားတဲ့မိသားစုအတွက် တရားမျှတမှုရအောင်၊ကျူးလွန်တဲ့သူတွေကိုအပြစ်ပေးအရေးယူလို့ရအောင် တာဝန်ရှိတဲ့သူတစ်ယောက်ကို ကျွန်တော်တို့က တောင်းဆိုထားတာရှိတယ်။ပြီးတော့ NUGရဲ့ကာကွယ်ရေးဌာနနဲ့လူ့အခွင့်အရေးဌာနကိုတိုင်ကြားထားတာရှိတယ်။” လို့ Democracy Movement Strike Committee -Daweiရဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
တနင်္သာရီတိုင်းဒေသကြီးမှာ ပြီးခဲ့တဲ့လပိုင်းတွေအတွင်း ဒေသကာကွယ်ရေးအဖွဲ့တွေအနေနဲ့ အခုလို အကြမ်း ဖက်စစ်တပ်ကို သတင်းပေး၊ဒလန်လုပ်သူတွေကို ရှင်းလင်းရာမှာ မှားယွင်းပစ်ခတ်မိတာမျိုး ရှိခဲ့တဲ့ အတွက် အပြစ်မဲ့ပြည်သူအချို့ သေဆုံးမှုတွေရှိခဲ့တယ်လို့ Democracy Movement Strike Committee -Dawei ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ကော်မတီအနေနဲ့ လောင်းလုံးPDFကိုဆက်သွယ်တဲ့အခါမှာ တာဝန်ရှိသူတစ်ယောက်က သူတို့တပ်ဖွဲ့ဝင်တွေပါတယ်ဆိုတာ အတည်ပြုခဲ့တယ်လို့လည်း သိရပါတယ်။
အခုလို မှားယွင်းမှုတွေအတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေဘက်က တိကျတဲ့စုံစမ်းစစ်ဆေးဖော်ထုတ်မှုတွေ၊မိသားစုတွေအတွက် တရားမျှတမှုရှိဖို့ ကျူးလွန်သူကို အပြစ်ပေး အရေးယူတာမျိုး မတွေ့ခဲ့ရတာကြောင့် ဒေသကာကွယ်ရေးအဖွဲ့တွေအနေနဲ့ အဖွဲ့အချင်းအပြန်အလှန်ထိန်းကျောင်းဖို့လိုတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်အာရှင်စနစ်ကို ဦးဆောင်တော်လှန်နေတဲ့ အမျိုးသားညီညွတ် ရေးအစိုးရ(NUG)အနေနဲ့အခုလို တိုင်ကြားမှုတွေအပေါ် ထိရောက်တဲ့အရေးယူမှုတွေကိုလုပ် ဆောင်ဖို့ လိုအပ်တယ်လို့လည်း ဒေသသပိတ်ကော်မတီတွေက ဆိုပါတယ်။