မောရဝတီရေတပ်စခန်းက ပစ်ခတ်တဲ့လက်နက်ကြီးကြောင့်ဆယ်ကျော်သက်မောင်နှမနှစ်ဦး သေဆုံး

Photo – Freedom Kanbauk

မေ ၊ ၁၅

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသအခြေစိုက် မောရဝတီရေတပ်စခန်းဌာနချုပ်က ဒီကနေ့ မနက် ၁၁ နာရီလောက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဇာဒီရွာက ဆယ်ကျော်သက်မောင်နှမနှစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

“လက်နက်ကြီးသံက လေးချက်လောက်ကြားတယ်၊ အဲကလေးတွေအိမ်ပေါ်ကျပြီး အဲကလေးတွေလည်း ပါသွားတာပေါ့” လို့ ဇာဒီရွာခံတဦးက DNA ကို ပြောပါတယ်။ 

တိုက်ပွဲဖြစ်ပွားတာလည်းမရှိဘဲ အုန်းပင်ကွင်းရွာမှာရှိတဲ့ မောရဝတီရေတပ်စခန်းဌာနချုပ်ကနေ ခြောက်မိုင်ကျော်အကွာမှာရှိတဲ့ ဇာဒီရွာဘက်ကို အခုလိုပစ်ခတ်ခဲ့တာပါ။ 

အဲဒီပစ်ခတ်မှုအတွင်း ဇာဒီရွာ၊ သစ်လှတောရပ်ကွက်က အသက် ၁၆ နှစ်အရွယ် မောင်ဇော်မျိုးအောင်နဲ့ အသက် ၁၁ နှစ်အရွယ် မပွင့်ပွင့်တို့ မောင်နှမနှစ်ဦး နေအိမ်ပေါ်မှာပဲ လက်နက်ကြီးထိမှန် သေဆုံးခဲ့တာလို့သိရပါတယ်။ 

အခုလို ပစ်ခတ်မှုကြောင့် ဇာဒီရွာထဲ နေအိမ်မီးလောင်တာလည်း ရှိတယ်လို့ သတင်းထွက်နေပေမယ့် အသေးစိတ်အခြေအနေကိုတော့ မသိရသေးပါဘူး။ 

“ရွာထဲမှာ လူတွေမကျန်တော့ဘူး၊ လက်နက်ကြီးကျပြီးတာနဲ့ ထွက်ပြေးနေကြတာ၊ တောထဲဝင်ပြေးတဲ့လူလည်း ဝင်ပြေးပဲ” လို့လည်း အထက်ပါ ဇာဒီရွာခံက ပြောပါတယ်။

အဲဒီ မောရဝတီရေတပ်စခန်းက စစ်ကောင်စီတပ်က အခုတပတ်အတွင်း အနီးအနားဝန်းကျင်ကို လက်နက်ကြီးပစ်ခတ်တာတွေ ဆက်တိုက်လုပ်နေတယ်လို့လည်း ဆိုကြပါတယ်။

“တပတ်လောက်တောင်ရှိတော့မယ် ပစ်ပစ်နေတာ၊ ခရင်းချောင်းက စစ်သင်္ဘောကနေလည်းပစ်တယ်၊ ဒီနေ့တော့ အဲဘက်မှာ စစ်သင်္ဘောတော့မရှိဘူးကြားတယ်” လို့လည်း ကံပေါက်ဒေသခံတဦးက DNA ကို ပြောပါတယ်။ 

မောရဝတီရေတပ်စခန်းနဲ့ ဆယ်မိုင်ကျော်အကွာ ကလိန်အောင်မြို့အခြေစိုက် တပ်ရင်းတခုက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကလိန်အောင်မြို့အနီးဇင်းဘာရွာမှာ ပြီးခဲ့တဲ့ မေလ ၇ ရက်နဲ့ ၈ ရက်နေ့တွေက နှစ်ရက်ဆက် တိုက်ခိုက်ခံရပြီးနောက် အခုလိုပစ်ခတ်မှုတွေ လုပ်လာတာပါ။ 

ရေဖြူမြို့နယ်အပါအဝင် ကမ်းရိုးတန်းဒေသဖြစ်တဲ့ တနင်္သာရီတိုင်းထဲက နှစ်ဖက်တိုက်ပွဲတွေအတွင်း ပင်လယ်ပြင်မှာရှိတဲ့ စစ်ကောင်စီ ရေတပ်စစ်သင်္ဘောတွေကနေ လက်နက်ကြီးပစ်ကူပေးလေ့ရှိပြီး အဲလိုပစ်ခတ်မှုကြောင့် အရပ်သားတွေထိခိုက်သေဆုံးတာတွေလည်း ရှိခဲ့ဖူးပါတယ်။ 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) ရဲ့ အချက်အလက်တွေအရတော့ စစ်အာဏာသိမ်းပြီး သုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်လက်ချက်နဲ့ သေဆုံးခဲ့ရသူ ငါးထောင်ကျော်အတွင်း အသက်မပြည့်သေးတဲ့ ကလေးငယ် ခြောက်ရာကျော် ပါဝင်နေပါတယ်။