ဖမ်းမိထားတဲ့စစ်ကောင်စီတပ်ကြပ်ကြီးတဦးရဲ့ သားကိုစစ်ဆေးပြီးပြန်လွတ်မယ်လို့ ရေးဘီလူးအဖွဲ့ ပြော

Photo- (ရေးဘီလူး)/ပုံစာ- အမှတ်(၈) ပြည်ထောင်စုလမ်းမပေါ်မေလ ၁၄ ရက်ကရေးဘီလူးအဖွဲ့ စစ်ဆေးနေစဉ်

မေ၊ ၁၅

မွန်ပြည်နယ်၊ ရေးမြို့နယ် အမှတ်(၈)ပြည်ထောင်စုလမ်းမပေါ်မှာ မနေ့က မေလ ၁၄ ရက် မနက်ပိုင်းက စစ်ကောင်စီလက်အောက်ခံတပ်ကြပ်ကြီးတဦးရဲ့ သားဖြစ်သူကို ဖမ်းဆီးလိုက်တယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က DNA ကို ပြောပါတယ်။

“သူ့မှာတော့ ဘာအပြစ်မှတော့ မရှိဘူး၊ ဖမ်းတာကလည်း တပ်ကြပ်ကြီးသားဖြစ်လို့ ဖမ်းတာမဟုတ်ဘူး၊ စစ်တပ်နဲ့ပတ်သက်ဆက်နွယ်တဲ့အချက်အလက်တွေအရ ဖမ်းလိုက်တာ” လို့ သူက ပြောပါတယ်။

ရေးမြို့နယ် စုံနံ့သာကျေးရွာအနီး မော်လမြိုင်-ရေးအဝေးပြေးကားလမ်းမပေါ်မှာ မေလ ၁၄ ရက် မနက် ၇ နာရီခန့် ရေးဘီလူးအဖွဲ့က စစ်ဆေးမှုပြုလုပ်နေချိန် ဆိုင်ကယ်မောင်းနှင်လာတဲ့ အမျိုးသားတဦးကို မသင်္ကာလို့ ရှာဖွေစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

ရှာဖွေစစ်ဆေးမှုအရ လက်ကိုင်းဖုန်းထဲမှာ ဖခင်ဖြစ်သူ တပ်ကြပ်ကြီးနဲ့အတူ ရိုက်ကူးထားတဲ့ မိသားစုဓါတ်ပုံတွေ၊ တပ်ရင်းအတွင်း စစ်တပ်လှုပ်ရှားမှု ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေအပြင် စစ်တပ်အကြီးအကဲတချို့ရဲ့ ဖုန်းနံပါတ်တွေ ဆက်သွယ်ပြောဆိုထားတာကို စိစစ်တွေ့ရှိခဲ့တာကြောင့် ဖမ်းဆီးရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့သူက အသက် ၁၉ နှစ်အရွယ်ရှိပြီး ရေးမြို့နယ်အခြေစိုက် ခမရ(၅၈၇)တပ်ရင်းမှ တပ်ကြပ်ကြီးတဦးရဲ့ သားဖြစ်တယ်လို့ ရေးဘီလူးအဖွဲ့က ပြောပါတယ်။

လက်ရှိ ဖမ်းဆီးထားတဲ့သူကို မှဲ့တပေါက်မျှ မစွန်းအောင် စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်နေဆဲဖြစ်ပြီး စစ်ဆေးမှုပြီးစီးပါက ပြန်လွှတ်ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“အခုတော့ စစ်ဆေးမေးမြန်းတာတွေ လုပ်ပြီး အချက်အလက်တွေ ရယူနေတယ်၊ အခုဖမ်းထားတဲ့သူကို တခုခုလုပ်ဖို့ အစီအစဉ်မရှိပါဘူး၊ တပ်ထဲမှာလည်း ထားထားလို့မဖြစ်ဘူး၊ ပြန်တော့လွှတ်ပေးမှာပါ၊ မှဲ့တပေါက်မှ မစွန်းစေရဘူး” လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

ဘယ်နေ့မှာ ပြန်လွှတ်ပေးမှာကိုတော့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောဆိုခဲ့ခြင်း မရှိပါဘူး။

မော်လမြိုင်-ရေး-ထားဝယ် အမှတ်(၈)ပြည်ထောင်စုလမ်းမတလျှောက်ကို တော်လှန်ရေးအင်အားစုတွေက နယ်မြေစိုးမိုးမှု ရယူထားပြီး အဲဒီလမ်းမတလျှောက်မှာ နေ့စဉ်အမျှ ရှာဖွေစစ်ဆေးတာတွေ လုပ်ဆောင်နေတာပါ။

ဒါ့အပြင် ည ၆ နာရီနောက်ပိုင်း ဖြတ်သန်းသွားလာတာတွေ မပြုလုပ်ကြဖို့နဲ့ နေ့အချိန်သွားလာရာမှာလည်း မော်တော်ယာဉ်တွေ မှန်ချမောင်းနှင်ဖို့ တာဝန်အရ စစ်ဆေးတာကို ကြည်ဖြူစွာခံဖို့နဲ့ ထုတ်ပြန်ချက်တွေ လိုက်နာကြဖို့ကို အသိပေးထုတ်ပြန်ထားပါတယ်။

ဒီလိုမျိုး စစ်ဆေးရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ စစ်တပ်နဲ့ ပတ်သက်တဲ့ အသုံးအဆောင်ပစ္စည်းတွေကို တော်လှန်ရေးပူးပေါင်းအဖွဲ့ဘက်က မကြာမကြာ သိမ်းဆည်းရမိလေ့ရှိနေတယ်လို့ ဆိုပါတယ်။

တော်လှန်ရေးအင်အားစုတွေ ဖမ်းဆီးရမိတဲ့သူတွေကို ဥပဒေအရ အရေးယူတာမျိုး ရှိနေသလို တချို့ကိုတော့ ခံဝန်ထိုးခိုင်းကာ ပြန်လွှတ်ပေးတာ ရှိတယ်လို့ ဆိုပါတယ်။

“စစ်ကောင်စီက PDF မိသားစုဝင်တွေကို ဖမ်းဆီးတယ်၊ ရိုက်နှိက်တယ်၊ အဲဒီပုံစံမျိုး ကျွန်တော်တို့ ပြုလုပ်သွားမှာ မဟုတ်ဘူး” လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။