ချောင်းဆုံမှာ လောင်းကစားဝိုင်းကို ရဲက လုံခြုံရေးပေး

မွန်ပြည်နယ်၊ ချောင်းဆုံလောင်းကစားဝိုင်းကို မော်လမြိုင်နဲ့ တခြားအနီး မြို့နယ်တွေက လာရောက်ကစားကြတဲ့အထိ ကြီးကျယ်ခမ်းနားနေပြီး ရဲတွေကိုယ်တိုင် အရပ်ဝတ်နဲ့ လုံခြုံရေးယူပေးထားတယ်လို့ သိရပါတယ်။
ချောင်းဆုံမြို့နယ်၊ ကုလားဘီရွာနဲ့ ဖံဖရွာကြား ရော်ဘာတောထဲက လောင်းကစားဝိုင်းကို လိုင်းကြေးပေးပြီး နေ့စဉ်ပြုလုပ်နေတာ ၄ လဝန်းကျင်ရှိပြီဖြစ်ပြီး ဖေဖော်ဝါရီ လလယ်လောက်စပြီး ချောင်းဆုံမြို့အနီးရှိ မော်လမြိုင်၊ အပေါင်နဲ့ သံဖြူဇရပ်မြို့နယ်တွေက လောင်းကစားသမားတွေပါ ကားတွေနဲ့ လာရောက်လောင်းကစားကြတယ်လို့ မုရစ်ကလေးကျေးရွာနေပြည်သူတစ်ဦးက ပြောပါတယ်။
‘လောင်းကစားဝိုင်းက နေ့တိုင်းရှိတယ်။ အခုလို စနေ၊တနင်္ဂနွေဆို တခြားမြို့တွေကပါ လာကြတော့ ပိုစည်တယ်။ ရဲတွေက အရပ်ဝတ်နဲ့ လုံခြုံရေးယူထားတယ်။သူတို့တတွေကလည်း လိုင်းကြေးအချီကြီးရတာကိုး’ လို့ သူကပြောပါတယ်။
လောင်းကစားဝိုင်း ကန်ထရိုက်ယူထားသူမှာ ကရင်ပြည်နယ်အတွင်းရှိ စစ်အုပ်စုလက်အောက်ခံ နယ်ခြားစောင့် တပ်ထဲက တစ်ဦးဖြစ်ကြောင်း ချောင်းဆုံသားတွေက ဆိုကြပါတယ်။
‘ကျွန်တော်တို့ သိထားသလောက်က ချောင်းဆုံမှာအထိုင်ချထားတဲ့ စစ်တပ်ကို လိုင်းကြေးအများဆုံးပေးရတယ်။ ဒုတိယ လိုင်းကြေးအများဆုံးရတာက ချောင်းဆုံရဲ။ ကုလားဘီနဲ့ ဖံဖရွာ အုပ်ချုပ်ရေးမှူးတွေတောင် ၂ ရက်ကို တစ်သိန်းနှုန်းစီ လိုင်းကြေးရတယ်ဆိုတော့ ဘယ်လောက်လောင်းကြသလဲဆိုတာစဉ်းစားကြည့်ပေါ့’ လို့ ချောင်းဆုံ အရှေ့ပိုင်းရပ်ကွက်သားတစ်ဦးက ပြောပါတယ်။
အဲဒီလောင်းကစားဝိုင်းထဲမှာ ကြက်ဝိုင်း၊ ဖဲဝိုင်း၊အနီထောင်ဝိုင်နဲ့ ဂလုတ် ဂလုတ်ဝိုင်းတို့ရှိပြီး ဆိုင်ကယ်နဲ့ကားကို အပေါင်ခံပေးတဲ့ အပေါင်ဆိုင်အပြင် အရက်၊ ဘီယာပါရတဲ့ စားသောက်ဆိုင်တွေနဲ့ စည်ကားနေတယ်လို့ ခရိုက်သစ်ကျေးရွာနေ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။
‘လာကြတဲ့ ကားတွေဆိုင်ကယ်တွေ အများကြီးပဲ။ ခြံပေါင် ကားပေါင် အိမ်ပေါင်နဲ့ ဒုက္ခရောက်တဲ့ ချောင်းဆုံသားတွေလည်း မနည်းတော့ဘူး။ ချောင်းဆုံမှာ ကျွန်တော့်အဖေတို့တစ်သက် နှစ်ပေါင်း ၇၀ ကျော်အတွင်း ဒီလောက်ကြီးကျယ်တဲ့ လောင်းကစားဝိုင်းတစ်ခါမှ မရှိခဲ့ဖူးဘူး’ လို့ သူက ဆက်ပြောပါတယ်။
လောင်းကစားဝိုင်းကို လိုင်းကြေးယူပြီး တာဝန်ခံကျင်းပတဲ့ အကြမ်းဖက်စစ်တပ်၊ ရဲနဲ့အုပ်ချုပ်ရေးတာဝန်ရှိသူတွေကို မှတ်တမ်းတင်ထားမှုရှိပြီး နွေဦးတော်လှန်ရေး ပြီးဆုံးချိန်မှာ တရားစွဲဖမ်းဆီးသွားမယ်လို့ ချောင်းဆုံ အရှေ့ပိုင်းသားတစ်ဦးက ပြောပါတယ်။
ချောင်းဆုံမြို့နယ်မှာ PDF တွေ အားနည်းတဲ့အတွက် စစ်အုပ်စုအုပ်ချုပ်ရေးက ထင်ရာစိုင်းနေတယ်လို့ သိရပါတယ်။